ဆစ်ဒနီမြို့၌ နှစ်သစ်ကူးအကြိုမီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းကို နေအိမ်မှသာ စောင့်ကြည့်ရန် တာဝန်ရှိသူများပြော

သြစတြေးလျနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေစဉ် ဆစ်ဒနီမြို့၌ လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ထားပြီး နှစ်သစ်ကူးအကြိုညတွင် ပြုလုပ်သော ကမ္ဘာကျော်မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို နေအိမ်မှသာ စောင့်ကြည့်ရန် ဆစ်ဒနီမြို့ တာဝန်ရှိသူများက ပြောသည်။

မီးရှူးမီးပန်းပစ်ဖောက်ရာ  အော်ပရာဟောက်(စ်)တည်ရှိသည့် နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသ၌ ဒီဇင်ဘာ ၂၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ငါးဦးရှိလာပြီးနောက်   ယခုလအတွင်း   ထိုဒေသမှရောဂါဖြစ်ပွားသူ ၁၂၅ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

လက်ရှိတွင် ထိုဒေသရှိ လူပေါင်းများစွာမှာ ဇန်နဝါရီ ၉ ရက်မတိုင်မီအထိ တင်းကျပ်သော အသွားအလာ တားမြစ်ကန့်သတ်မှုအောက်တွင် နေထိုင်နေရသည်။

ထို့ပြင်  နှစ်သစ်ကူး အခါသမယတွင် ထိုကဲ့သို့အသွားအလာ တားမြစ်ကန့်သတ်မှုများကို ပိုမိုတင်းကျပ်သွားဖွယ်ရှိကြောင်း သိရသည်။

နယူးဆောက်ဝေး ပြည်နယ်ဝန်ကြီးချုပ်သည် နှစ်သစ်ကူးညတွင် လူအများအနေဖြင့် ဆစ်ဒနီမြို့အတွင်းသို့ လာရောက်လည်ပတ်ခြင်းနှင့် နေအိမ်ပြင်ပတွင် လူ ၅၀ ထက်ပို၍လူစုဝေးခြင်းကို တားမြစ်ထားသည်။

၎င်းတို့အနေဖြင့်  နှစ်သစ်ကူးညတွင် ဆစ်ဒနီမြို့တစ်ဝန်းရှိ ကမ်းခြေများ၌ မည်သို့သော လူစုလူဝေးကိုမျှ မရှိစေလိုကြောင်းနှင့် ဒေသခံများအနေဖြင့်လည်း မီးရှူးမီးပန်းများ၏ အလှများကို နေအိမ်မှစောင့်ကြည့်ခြင်းကသာ စိတ်ချရကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်ပြောသည်။

ခရစ္စမတ်အကြိုရက်မှစ၍ ဆစ်ဒနီမြို့၌ ကျန်းမာရေး ထုတ်ပြန်ချက်များကို ချိုးဖောက်မှု ၁၅ ခုရှိကြောင်း နယူးဆောက်ဝေးပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။        

Ref: CNA