ဖိလစ်ပိုင်၌ သမ္မတ ရိုဒရီဂိုဒူတာတေ အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်ကိုယ်ရံတော်များ အနေဖြင့် အတည်မပြုရသေးသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ကြောင်း သိရသည်။
အစိုးရအဖွဲ့နှင့် သမ္မတလုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်အချို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း၊ သို့သော် သမ္မတဒူတာတေအနေဖြင့် ကာကွယ်ဆေး မထိုးရသေးကြောင်း ပြည်ထဲရေးဝန်ကြီး အတ်ဒူရာဒိုအေနိုက ဒီဇင်ဘာ ၂၈ ရက်တွင်ပြောသည်။ ထိုသတင်းများထွက်ပေါ်ပြီးနောက် ဒေသတွင်း တာဝန်ရှိသူများ အတည်မပြု ရသေးသော ကာကွယ်ဆေး အသုံးပြုမှုအပေါ် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ကာကွယ်ဆေး အမျိုးအစားနှင့် ပတ်သက်၍ အေနိုကပြောထားခြင်း မရှိသော်လည်း ထိုကာကွယ်ဆေးသည် ပြည်ပတွင် အရေးပေါ် အသုံးပြုခွင့်ရရှိထားသည့် ကာကွယ်ဆေး ဖြစ်ကြောင်း ၎င်းကပြောသည်။
သို့သော် သမ္မတဒူတာတေ၏ ကိုယ်ရံတော်များကို တရုတ်နိုင်ငံရှိ ဆီနိုဖမ်းကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးထားခြင်း ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးသည် ဘေးကင်းကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့က ပြောသည်။
ဆီနိုဖမ်းကုမ္ပဏီ၏ ကာကွယ်ဆေးကို နိုင်ငံအတွင်းရှိ ဆေးဝါးကွပ်ကဲရေး အဖွဲ့က အတည်ပြုထားခြင်း မရှိကြောင်းနှင့် ထိုကုမ္ပဏီကလည်း ဖိလစ်ပိုင်၌ကာကွယ်ဆေးအရေးပေါ် အသုံးပြုခွင့်လျှောက်ထားခြင်း မရှိကြောင်း သိရသည်။
သို့သော် အာရပ်စော်ဘွားများ ပြည်ထောင်စု၌ ထိုကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးထားပြီး ယင်းနိုင်ငံ၌ ၈၆ ရာခိုင်နှုန်းအထိ အာနိသင်ထိရောက်မှု ရှိကြောင်းနှင့် တရုတ်နိုင်ငံတွင်လည်း ကျယ်ပြန့်စွာ အသုံးပြုနေကြောင်း ဟယ်ရီရော့က ပြောထားသည်ဟု သိရသည်။
Ref: TST