၂၀၂၀ ပြည့်နှစ်အတွင်း မှတ်မှတ်သားသား ဖြစ်ပျက်သမျှများ (၁)

မကြာခင်ရက်ပိုင်းအတွင်းမှာ ၂၀၂၀ ပြည့်နှစ်က ကုန်ဆုံးပါတော့မယ်။  ဒီနှစ်ထဲမှာတော့ ကမ္ဘာသူကမ္ဘာသားအားလုံး သုခဆိုတာမရှိလောက်အောင် ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံခဲ့ရပါတယ်။ တောမီးလောင်မှု၊   ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံ့ခေါင်းဆောင် အဆင့်ကို လုပ်ကြံသတ်ဖြတ်မှု၊  သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရမှု၊  အဆိုးဆုံးကတော့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကမ္ဘာ့ကပ်ရောဂါဆိုရင် ၂၀၂၀ ပြည့်နှစ်တစ်နှစ်တည်းမှာပဲ မပြီးပြတ်သွားပါဘူး။ လာမယ့် ၂၀၂၁ ခုနှစ်ထဲကိုပါ ရောက်ရှိလာဦးမှာပါ။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်လောက်ကတော့ ဆိုးဝါးနိုင်ဖွယ်မရှိဘူးလို့ မျှော်လင့်ရပါတယ်။

ကွန်ပျူတာသုံးစကားနဲ့ပြောရမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်ကို ဗိုင်းရပ်ကိုက်တဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ ကွန်ပျူတာမှာတော့ လိုချင်တာတွေကိုသိမ်းပြီး OS အသစ်တင်လိုက်ရင် ကွန်ပျူတာသုံးရတာ ပြန်ကောင်းနိုင်ပေမယ့် သက်ရှိအရာတွေနဲ့ ဖွဲ့စည်းဖြစ်တည်နေတဲ့ ကမ္ဘာမှာတော့ ဒီလိုလုပ်လို့ မရပြန်ပါဘူး။

မည်သို့ပင်ဆိုစေကာမူ မကောင်းတဲ့အရာပဲဖြစ်ဖြစ်၊ ကောင်းတဲ့အရာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာပဲဖြစ်ဖြစ်၊ ပျော်စရာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ အားလုံးပြီးဆုံးသွားမှာ အမှန်ပါပဲ။ ဒါပေမဲ့လည်း တွေ့ကြုံနေရတဲ့ အခိုက်အတန့် ကာလတစ်ခုကိုတော့  လူတိုင်းမှတ်မှတ်သားသား ဖြစ်တတ်ကြပါတယ်။

သို့သော် ကိုယ်နဲ့မသက်ဆိုင်တဲ့ တခြားအရာတွေကိုတော့ ဘယ်သူမှမှတ်မိတတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို ပြန်လည်မှတ်သားမိစေလိုတဲ့ ဆန္ဒနဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း မှတ်မှတ်သားသား ဖြစ်ပျက်သမျှများဆိုတဲ့ တစ်နှစ်တာကာလ သတင်းသုံးသပ်ချက်ကို တင်ပြ ပေးလိုက်ရပါတယ်။

 

သြစတြေးလျတောမီး

သြစတြေးလျတောမီးကတော့ ၂၀၁၉ ခုနှစ်နွေရာသီကတည်းက တိတိကျကျပြောရရင် စက်တင်ဘာလကတည်းက စတင်လောင်ကျွမ်းနေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အထိကို ဆက်လက်လောင်ကျွမ်းလာတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်မှာတော့ တောမီးလောင်မှုကြောင့် သေဆုံးသွားရတဲ့ တိရစ္ဆာန်အကောင်ရေ ၁ ဘီလီယံနီးပါးရှိခဲ့ပါတယ်။ ဆုံးရှုံးသွားရတဲ့ သစ်တောဧကစုစုပေါင်းကတော့ ၄၆ ဒသမ ၃ သန်းကျော်ရှိပါတယ်။

သြစတြေးလျတောမီးဟာ နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာတော့ စံချိန်တင်တောမီးဖြစ်ပါတယ်။ တောမီးကို ငြှိမ်းသတ်ဖို့အတွက်   အရပ်ဘက်နဲ့စစ်ဘက်တို့ ပူးပေါင်းဆောင်ရွက်ကြတဲ့အပြင် နိုင်ငံတကာကလည်း ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။

မကြာသေးခင်အချိန်ကအထိ တောမီးဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖရေဆာကျွန်းမှာ လောင်ကျွမ်းနေခဲ့တာပါ။ ဒါပေမဲ့လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောမီးလောင်မှု ငြိမ်းသွားပေမယ့် ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန်ရဲ့လုပ်ကြံသတ်ဖြတ်မှု

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှာ အမေရိကန်စစ်ဘက်ရဲ့မောင်းသူမဲ့လေယာဉ်တစ်စင်းဟာ အာဖဂန်နစ္စတန်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်ကို ရောက်ရှိလာခဲ့ပြီး အီရန်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ကာဆန်ဆိုလေမာနီကို လုပ်ကြံသတ်ဖြတ် လိုက်ပါတယ်။

ဒီဖြစ်စဉ်ကို အမေရိကန်တို့က သူတို့လုပ်တာဆိုပြီး တရားဝင်ထုတ်ဖော်ကြေညာထားသလို နိုင်ငံတစ်နိုင်ငံရဲ့အဆင့်မြင့် တာဝန်ရှိသူတစ်ဦးကို အခြားနိုင်ငံတစ်ခုက အခုလို လုပ်ကြံတာဟာလည်း ၂၀၂၀ ပြည့်နှစ်အတွင်းမှာ တကယ့်ကို ရှားပါးဖြစ်စဉ် ဖြစ်ပါတယ်။

ကာဆန်ဆိုလေမာနီလုပ်ကြံခံရပြီးနောက်    အီရန်ဘက်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်က ကာဆန်ဆိုလေမာနီကို အီရန်မြေပေါ်မှာ တိုက်ခိုက်တာ မဟုတ်တဲ့အတွက် အီရန်ဘက်ကလည်း အမေရိကန်မြေပေါ်မှာ ပြန်ပြီးတိုက်ခိုက်လို့ မရပါဘူး။

ဒါကြောင့် အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက် စခန်းနှစ်ခုကို အီရန်တို့က ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အမေရိကန်စစ်သည်တ ွေသေဆုံးတယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေ မထွက်လာပေမယ့်လည်း ဒဏ်ရာရရှိသူ အများအပြားရှိတာကတော့ အသေအချာပါပဲ။

ဒီလိုမျိုးတင်းမာမှုအခြေအနေမှာ ကြားကဓားစာခံဖြစ်သွားရတာလည်း ရှိပါတယ်။ အဲဒါကတော့ ယူကရိန်းခရီးသည်တင် လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်ကမှားယွင်းပြီး ပစ်ချလိုက်တာပါ။

အဲဒီဖြစ်စဉ်ဖြစ်ပြီးအစောပိုင်းမှာ အီရန်ကသူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုနေပါသေးတယ်။ နောက်ပိုင်းမှသာ ဝန်ခံလိုက်တာပါ။

ဒါပေမဲ့လည်း မမှားသင့်တဲ့အမှားတစ်ခုကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူခရီးသည်နဲ့ အမှုထမ်း ၁၇၆ ဦးစလုံး သေဆုံးခဲ့ရပါတယ်။

ထရမ့်ကိုရာထူးမှ ဖြုတ်ချမယ့်တရားခွင်

အမေရိကန်နိုင်ငံသမိုင်းမှာ တတိယမြောက်စွပ်စွဲအပြစ်တင်ပြီး ရာထူးမှ ဖြုတ်ချဖို့ လုပ်တဲ့တရားခွင်ကို ဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်မှာ စတင်ရင်ဆိုင်ရပါတယ်။

စွပ်စွဲအပြစ်တင်သူကတော့ အောက်လွှတ်တော်ကဖြစ်ပြီး တရားခွင်ကတော့ ဖေဖော်ဝါရီ ၅ ရက်မှာပြီးဆုံးသွားပါတယ်။ တရားခွင်ရဲ့ နောက်ဆုံးအမိန့်ကတော့ ထရမ့်မှာအပြစ်မရှိဘူး ဆိုတာပါပဲ။

အောက်လွှတ်တော်ဟာ ထရမ့်ကို စွပ်စွဲအပြစ်တင်ပြီးရာထူးကနေ ဖြုတ်ချဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကတည်းက လုပ်ဆောင်ခဲ့တာပါ။

သူ့ရဲ့စွဲချက်လွှာမှာတော့ ထရမ့်ဟာအာဏာကိုအလွဲသုံးစားလုပ်တယ်။ လွှတ်တော်ရဲ့လုပ်ဆောင်မှုကို ဝင်ရောက် နှောင့်ယှက်တယ် ဆိုပြီးတော့ ပြောထားပါတယ်။

ဒီလိုတရားခွင် ဖြစ်လာဖို့အတွက် အစပျိုးခဲ့တဲ့ အရာကတော့ ထရမ့်က ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းကနေတစ်ဆင့် ပြောဆိုဆွေးနွေးမှုပါပဲ။

ဒီဆွေးနွေးမှုမှာ ထရမ့်ဟာသူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ပေးဖို့ လွှတ်တော်က အတည်ပြုထားတဲ့ ငွေကြေးကို သူကချက်ချင်း မပေးဘဲ ခြိမ်းခြောက်ရယူထားတယ်လို့ လွှတ်တော်အမတ်တွေက ပြောထားပါတယ်။

ဥရောပသမဂ္ဂနေ တရားဝင်နုတ်ထွက်ခဲ့တဲ့ ဗြိတိန်

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ၄၇ နှစ်ကြာရပ်တည် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်မှု အထမြောက်ခဲ့ပါပြီ။

ဒီလိုနုတ်ထွက်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်တွေကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှာတော့ ဥရောပသမဂ္ဂကနေ တရားဝင်နုတ်ထွက် နိုင်ခဲ့ပါတယ်။

ကူးပြောင်းမှုကာလကိုတော့ ၁၁ လသတ်မှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတောအတွင်းမှာ တရားဝင်သဘောတူ စာချုပ်ရရှိဖို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။

အဓိကကတော့ ကုန်သွယ်ရေးနဲ့ အရပ်ရပ်ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်နိမိတ် သတ်မှတ်ရေးအစရှိတဲ့ အကြောင်းအရာတွေကို သဘောတူရမှာပါ။

သို့ပေမယ့် ဒီဇင်ဘာ ၂၈ ရက်အထိတော့ ခိုင်မာတဲ့သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးပါဘူး။ ဒါကြောင့် ဥရောပသမဂ္ဂကနေ   ဗြိတိန်ခွဲထွက်မှုဟာ ၂၀၂၁ ခုနှစ်အထိ ဆက်သွားနိုင်ပါတယ်။