မူဆယ်သို့ ဆန်တင်ပို့မှုရပ်တန့်နေပြီး ပင်လယ်ရေကြောင်းမှသာ တင်ပို့နေသည့်အတွက် ဆန်ဈေးကွက် အတွင်း အရောင်းအဝယ်အေးနေ

ရန်ကုန်၊ စီးပွားရေး

မူဆယ်သို့ ဆန်တင်ပို့မှုရပ်တန့်နေပြီး ပင်လယ်ရေကြောင်းမှသာတင်ပို့နေသည့်အတွက် ပြည်ပသို့ဆန်တင်ပို့မှု  အကျ ဘက်သို့ရောက်ရှိနေကာ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း (ဘုရင့် နောင်) အတွင်းရေးမှူး  ဦးသန်းဦး၏ ပြောပြချက်အရ သိရသည်။

ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းတွင် ဆန် တစ်အိတ်လျှင် ငွေကျပ် ၆၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ရာမှ  လက်ရှိ အချိန်ထိ ဈေးကွက်ဆက်လက်အေးနေခြင်း ဖြစ်သည်။

ယခင်ရက်ပိုင်းက ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်သို့ နယ်စုံမှတစ်ရက်လျှင် ဆန်အိတ်ရေ ရှစ်သောင်းခန့် ဝင်ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၈ ရက်တွင် ဆန်အိတ်ရေ ငါးသောင်းဝန်းကျင်သာ ဝင်ရောက်ကြောင်း သိရသည်။

လတ်တလောတွင် ပင်လယ်ရေကြောင်း တင်ပို့မှုအတွက်သာ ဝယ်ယူမှုရှိနေပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှသာ ပြန်လည်စတင် မည်ဖြစ်သောကြောင့် ဇန်နဝါရီလကုန်နှင့် တရုတ်နှစ်သစ်ကူးနောက်ပိုင်းမှသာ ဈေးကွက်ပြန်ကောင်း လာနိုင် ကြောင်း သိရသည်။

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်၌ ဒီဇင်ဘာ ၂၈  ရက်တွင်  ၂၅  မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀ မှ  ၂၂၅၀၀ ကြားနှင့် ၁၅ မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ်  ၂၃၀၀၀  မှ  ၂၃၅၀၀  ကြားရှိ ကြောင်း သိရသည်။

နေနေ