ပခုက္ကူမြို့နယ် ကျေးရွာအချို့တွင် မေမြို့ပန်းအပါအဝင် ပန်းမျိုးစုံစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိ

ပခုက္ကူ၊ စီးပွားရေး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ူအတွင်းရှိ ကျေးရွာအချို့၌ မေမြို့ပန်းအပြင် အခြားပန်းမျိုးစုံကို စိုက်ပျိုး၍နှစ်စဉ် အပိုဝင်ငွေရရှိကြောင်း ပခုက္ကူမြို့နယ် ကျွန်းညိုကြီးအုပ်စု ကျွန်းဦးကျေးရွာရှိ ပန်းစိုက် တောင်သူများထံမှ သိရသည်။

“ပန်းမျိုးစုံနီးပါး စိုက်ပျိုးတာကတော့ ဆယ်နှစ်လောက်ရှိပါပြီ။ အခုနှစ်ကတော့ မေမြို့ပန်းနှင့် ဂန္ဓာမာပန်း တွေကို ဒသမ ၅၀ အကျယ်စီလောက်ပဲ စိုက်ပျိုးထားပါတယ်။ ကျန်တဲ့စားသုံးကုန်သီးနှံတွေကတော့ ငရုတ်သီး ကို ဒသမ ၁၀၀ အကျယ်၊ ကုလားပဲနဲ့ ကြက်သွန်ကို တစ်ဧကအကျယ်စီနဲ့ ခရမ်းကြွပ်ကို အပင် ၁၀၀၀ လောက်ပဲ စိုက်ပျိုးထားပါတယ်။ စိုက်ပျိုး ဧကအားလုံးပေါင်းရင်တော့ လေးဧကလောက်ရှိတာပေါ့။ ဒသမ ၅၀ မှာ ဂန္ဓာမာပန်းပင်စိုက်ထားရင် အပင်ရေငါးသောင်းလောက် ဝင်တာဆိုတော့ နှစ်သိန်းလောက်ရင်းရပါတယ်။ မေမြို့ပန်းကတော့ တစ်သောင်းလောက်စိုက်ပျိုးထားရင် တစ်သိန်းလောက်ရင်းရပါတယ်။ ပန်းစိုက်သက်တမ်း အနေနဲ့ မေမြို့ပန်းကို အောက်တိုဘာလမှာ စိုက်ပျိုးထားရင် ဒီဇင်ဘာလကုန်ပိုင်းလောက်ရောင်းရတာပေါ့။ ဂန္ဓမာပန်းက အောက်တိုဘာလမှာ စိုက်ပျိုးထားရင် ဇန်နဝါရီလပိုင်းဆို ရောင်းရတယ်။ ဈေးနှုန်းတွေ အနေ နဲ့က မေမြို့ပန်း တစ်စည်းကို ငွေကျပ် ၁၅၀၀ နှုန်းရောင်းရပြီး ငါးသိန်းလောက်မြတ်ပါတယ်။ ဂန္ဓာမာပန်း ကျတော့တစ်စည်းကို ငွေကျပ်  ၂၀၀၀၊ ၂၅၀၀ ရောင်းရလို့  ငွေကျပ် ၂၅ သိန်းလောက်မြတ်ပါတယ်။ ပန်းစိုက်ပျိုးတဲ့ သက်တမ်းမှာမနှစ်က အရောင်းရဆုံးပါပဲ။ ယခုကာလဆိုတော့ ပန်းတွေစိုက်ပျိုးရင် ပန်းဝယ်ကလာပါ့မလားဆိုပြီး စိုးရိမ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနှစ်လည်းစိုက်ပျိုးထားတဲ့ ပန်းစိုက်ခင်းကနေ ငွေကျပ်ဆယ်သိန်းလောက်တော့ အမြတ်ရဦးမယ်လို့ ယုံကြည်ထားပါတယ်”ဟု ပခုက္ကူမြို့နယ် ကျွန်းညိုကြီး အုပ်စုကျွန်းဦးကျေးရွာ ပန်းစိုက်ပျိုးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါကျေးရွာတွင် မေမြို့ပန်း၊ ဂန္ဓမာပန်းနှင့် သပြေပန်းများအပါအဝင်ပန်းမျိုးစုံတို့ကို နှစ်စဉ်စိုက် ပျိုးလုပ်ကိုင်လေ့ရှိကြပြီး ရောင်စုံပန်းများ စုံလင်စွာဖူးပွင့်ချိန်တွင် ပခုက္ကူတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပခုက္ကူ)၊ ကွန်ပျူတာတက္ကသိုလ်တို့မှကျောင်းသား၊ ကျောင်းသူများ၊ ပခုက္ကူမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ရှိ   ကျေးရွာများမှ ပြည်သူများ မကြာခဏ လာရောက်လည်ပတ်လေ့လာပြီး ဝယ်ယူအားပေးခြင်း၊ အလှ ဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး