ရေနံချောင်းမြို့၌ ငလျင်ဘေးဖြစ်ပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးဇာတ်တိုက်လေ့ကျင့်

ရေနံချောင်း၊ သဘာဝဘေးကာကွယ်ရေး

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ငလျင်ဘေးကြုံ တွေ့လာပါက ဒေသခံပြည်သူများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဇာတ်တိုက်လေ့ကျင့်မှုများအား ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနဒုတိယ ဦးစီးမှူး ဦးသက်နိုင်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက မကျ ရောက်မီဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျရောက်ပြီးချိန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်း ဆောင်ရွက်ပုံများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ဆက်စပ်ပစ္စည်း အသုံးပြုနည်းစနစ်များ စသည်တို့ကို  ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ဒုတိယဦးစီးမှူး ဦးစိုးမင်းဦး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင် ဒေါ်မြင့်မြင့်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ   တက်ရောက်ကြကြောင်း သိရသည်။       

ဆန်းညွန့်(ရေနံချောင်း)