စိတ်အားသန်သန် မာန်ကိုမလျှော့

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၃ဝ ရက်)

တပ်မတော် ဆိုသည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော် ကာကွယ်ရေး တပ်ပေါင်းစုဟူ၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ တပ်မတော်သားဆိုသည်မှာ တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသော သားသမီးများက မိမိတို့ ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ ဝင်ရောက်လာသူများကို ခေါ်ဆိုခြင်း ဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူများ၏ သားသမီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်း ဖြစ်သည်။ တပ်မတော်ကို မည်သူပိုင်ဆိုင်သနည်း ဆိုပါလျှင် ထိုတိုင်းရင်းသားပြည်သူများ၏ သားသမီးများက ပိုင်ဆိုင်ပါ သည်ဟု ဖြေလျှင် မှားမည် မဟုတ်ပါ။ ယနေ့တပ်မတော်တွင် အဆင့်ဆင့်သော ရာထူးတာဝန်များကိုထမ်းဆောင် နေကြသူများ သည်လည်း လူငယ်လူရွယ်ဘဝကစတင်ကာ စစ်မှုထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

တပ်မတော်တစ်ရပ်တည်ရှိခြင်း၊ မရှိခြင်းသည် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာခိုင်မြဲခြင်း၊ ဆုံးရှုံးခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ ကမ္ဘာ့အလယ်တွင် မြန်မာဟေ့ဟု မားမားမတ်မတ် ရပ်တည်နိုင်ရေးမှာ တပ်မတော်သည် အဓိကဖြစ်ကြောင်းသိမြင်နိုင်သည်။ တပ်မတော်အင်အား မတောင့်တင်းသည့်အတွက် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်မှာ နှစ်ပေါင်း ၁၂၃ နှစ်တိုင်တိုင်ဖြစ်သည်။ ''မြန်မာ့လွတ်လပ်ရေးအတွက်  တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်။ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့အာဇာနည်တွေရယ်''သီချင်းသံကြားတိုင်း ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ခဲ့သော ရဲဘော်သုံး ကျိပ်ကို ကျေးဇူးတင်သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပေါ်ထွန်းလာခဲ့သော ပထမဦးဆုံး လက်နက် ကိုင် အဖွဲ့အစည်းဖြစ်သည်။ မြန်မာလူငယ်တို့၏ နိုင်ငံရေးအသိအမြင်ကို စတင်ဖွင့်လှစ်ပေးခဲ့သည်မှာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး(ဝိုင်အမ်ဘီအေ) ဖြစ်သည်။ အမျိုးဘာသာ သာသနာ ပညာဟူသော ရည်ရွယ် ချက်ဖြင့်  မြန်မာနိုင်ငံလွတ်လပ်ရေးကို ရှေးရှုဆောင်ရွက်ခဲ့သည့်အတွက်  မြန်မာလူငယ်များတွင် နိုင်ငံ ချစ်စိတ်၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာချစ်စိတ်များ ကိန်းအောင်းလာခြင်းဖြစ်သည်။

အရိုးကြေကြေ၊ အရေခန်းခန်း မိမိအသက်ကို ပဓာနမထားဘဲ တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်ကိုသွားရောက် ခဲ့သော စိတ်ဓာတ်သည် လေးစားမဆုံး၊ ဂုဏ်ယူမဆုံးသော တိုင်းပြည်ကို ချစ်စိတ်ဖြစ်သည်။ သာမန်လူငယ်လူရွယ် များ စွန့်လွှတ်ရန် ခက်ခဲသော အရာများကို သခင်အောင်ဆန်း၊ သခင်ရှုမောင်၊ သခင်ကျော်စိန်၊ သခင် ခင်မောင်ဦး အစရှိသော လူငယ်များက ရှေ့ဆောင်လမ်းပြခဲ့ကြသည်။ တပ်မတော်သည် စတင်ဖွဲ့စည်းစဉ်ကပင် တိုင်းပြည် အတွက် တပ်မတော်သာဖြစ်သည်။ ထိုတပ်မတော်သားတို့၏ လက်ဆင့်ကမ်းအမွေကို မျိုးဆက်သစ်လူငယ် အဆင့်ဆင့်တို့က ဆက်ခံခဲ့ကြသည်။ ယနေ့တပ်မတော်သည်  ရဲဘော်သုံးကျိပ်၏ အမွေကောင်းကိုဆက်ခံခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နယ်ချဲ့အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ထိုနေ့သည် မြန်မာ တစ်မျိုးသားလုံးအတွက် အပျော်ဆုံးနေ့ဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာ ပိုင်နိုင်ငံအဖြစ် ကြွားကြွား ဝင့်ဝင့်ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ဝင်ရောက်ခဲ့ သည်။ လွတ်လပ်ရေးရရှိခြင်းကြောင့် မည်သည့်နိုင်ငံနှင့်မဆို တန်းတူရည်တူဆက်ဆံနိုင်သည်။ မည်သူ၏ ထိန်းချုပ် ကွပ်ကဲမှု ကိုမှ စိုးရိမ်ထိတ်လန့်စရာမလိုတော့ပေ။ လွတ်လပ်ခြင်း၏ တန်ဖိုးသည် ကြည်နူး ချမ်းမြေ့ ပျော်ရွှင်စရာဖြစ်သည်။ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် မြန်မာနိုင်ငံ၏ (၇၃)နှစ်မြောက် လွတ်လပ် ရေးနေ့ ဖြစ်သည်။ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၃)နှစ်တိုင်ခဲ့ပြီး ရရှိထားသော လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက် ခဲ့ရသည် မှာလည်း (၇၃)နှစ်တိုင်ပြီဖြစ်သည်။

(၇၃)နှစ်တာကာလအတွင်း တပ်မတော်၏ဖြတ်သန်းမှုသမိုင်းကြောင်းကို ပြန်လည်ကြည့်လျှင် လွတ်လပ် ရေးနှင့် အတူ ပေါ်ပေါက်လာသော ရောင်စုံ သောင်းကျန်းသူများကို တိုက်ထုတ်ရသည်။ ပြည်ပမှနိုင်ငံအတွင်း ဝင်ရောက် ကျူးကျော်မှုများကိုလည်း တိုက်ထုတ်ရသည်။ နိုင်ငံတော်တွင် အခက်ကြုံတိုင်း တပ်မတော်က ဦးဆောင်ဖြေရှင်း ပေးခဲ့ရသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ဦးလည်မသုန် ထမ်းဆောင်ရသည်။ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲရေး အတွက် ရန်သူမှန်သမျှကိုတိုက်ထုတ်နေရသလို တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုလည်း နိုင်ငံတကာ အဆင့်မီ တပ်မတော်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ စိတ်အားသန်သန် မာန်ကိုမလျှော့သော တပ်မတော် သည် နိုင်ငံနှင့်ပြည်သူ့ အကျိုးကို ထာဝစဉ်သယ်ပိုးရင်း လွတ်လပ်ရေးကို  ကာကွယ်စောင့်ရှောက် နေမည် သာဖြစ် ပါကြောင်း ရေးသားလိုက်ရပေသည်။  ။