ရွှေစက်တော် ဘုရား၌ ခရီးသွားဇုန် တည်ဆောက်ရန် စီစဉ်နေ

မင်းဘူး၊ ခရီးသွား

COVID-19 ရောဂါကာလ အလွန်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်နိုင်ရန်   မကွေးတိုင်း ဒေသကြီး ရွှေစက်တော် ဘုရား၌ Eco-tourism အနေဖြင့်  ခရီးသွားဇုန် တည်ဆောက်ရန် စီစဉ်နေကြောင်း   မကွေး တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်၏ ပြောပြချက်အရ သိရသည်။

''ရွှေစက်တော် ဘုရားမှာ မြတ်စွာဘုရား ခြေတော်ရာ အစစ်ရှိတယ်။ ဘုရားပွဲက သင်္ကြန်မတိုင်မီ ရက် ၇ဝ၊ ၈ဝ လောက် အလိုမှာ ကျင်းပပေမယ့်  အခုတော့  ပိတ် ထားရတယ်။ ရွှေစက်တော်ဘုရားမှာ Eco-tourism  ဆိုပြီး  ပန်းခြံ၊ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေကို  ဇုန်တစ်ခုအနေနဲ့ ဆောက်လုပ်ဖို့   စီစဉ်ဆောင်ရွက်နေပါ တယ်။   ဒါ့ပြင်  ရွှေစက်တော်နဲ့တစ်ဆက် တည်း ၁၆ မိုင်ပဲဝေးတဲ့ နတ်ရေကန်တောင် ဒေသ တောင်ကြားလမ်းဘက်မှာ အော်ဂဲနစ် သီးပင်စားပင်ခြံကြီးတွေရှိတယ်။ နတ်ရေ ကန်တောင်ဒေသကို  တစ်ဆက်တည်းခရီး စဉ်ဒေသအဖြစ် ဖော်ထုတ်ဖို့ဆောင်ရွက်နေ ပါတယ်''ဟု ဦးမြင့်စိန်ကပြောသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် COVID-19 ရောဂါကာလ အတွင်း ဟိုတယ်၊ မိုတယ်နှင့် စားသောက် ဆိုင်များမှ  ဝန်ထမ်းများကို  သင်တန်းများ ပေးခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် COVID-19 ရောဂါကာလ အလွန်တွင် တောတောင် ရေမြေရှုခင်းများကို ကြည့်ရှုခံစားနိုင်မည့် ခရီးစဉ်များ လည်ပတ်နိုင်ရန်လည်း ကြိုတင် ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းပြည်ပခရီးသွားများအနေဖြင့် COVID-19 ရောဂါကာလ အလွန်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ မြိုင်မြို့သို့ ၂၇ မိုင်ခရီးကို လယ်ကွင်းများ၊ တောတောင်များ  စသည့်သဘာဝ ရှုခင်းများကြည့်ရှုရင်း   သွားလာ နိုင်မည့် ရထားခရီးစဉ် တစ်ခုစီစဉ်ရန်   ဆွေးနွေးလျက်ရှိကြောင်း  သိရသည်။

ဆုလာဘ်