မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် ယခုဘဏ္ဍာရေး နှစ်တွင် ငွေကျပ် ၂၁၆၄ သန်းကျော် အသုံးပြုမည်

မုံရွာ  ဒီဇင်ဘာ ၂၉

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရန်နှင့်  ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းများတွင်  အသုံးပြုရန် လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်ရေး ငွေကျပ် ၂၁၆၄ ဒသမ ၄ သန်းကိုလျာထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်ထံမှ သိရသည်။

ပြောင်းလဲလာသည့် အဆင့်မြင့်နည်း ပညာများကိုအသုံးပြု၍  မီးငြှိမ်းသတ်ရေး လုပ်ငန်းများနှင့် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း များကို ပိုမိုလုပ်ဆောင်နိုင်ရန် လိုအပ်သော  ပစ္စည်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖြည့် တင်းဝယ်ယူ အသုံးပြု လျက်ရှိရာ ယခုဘဏ္ဍာ ရေးနှစ်တွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများ နှင့်အတူ မီးငြှိမ်း သတ်ယာဉ်၊ ရေသယ်ယာဉ်၊ အပေါ့စား မီးသတ်စက်များ၊  Hydraulic  Rescue Tools နှင့့် Unmanned Fire Fighting Vehicle(LUF 60) ယာဉ်တို့ကို ထပ်မံဝယ်ယူ ဖြည့်တင်း ပေးခြင်းဖြစ်ကြောင်း သိရသည်။

''တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ မီးငြှိမ်းသတ်ယာဉ်တွေကို တစ်နေရာတည်း မထားဘဲ အချက် အချာ ကျတဲ့ နေရာတွေမှာ ဖြန့်ခွဲထားပြီး မီးလောင်မှု ဖြစ်ပွားတဲ့နေရာနဲ့ အနီးစပ်ဆုံးရှိတဲ့ မီးငြှိမ်း သတ်ယာဉ် တွေက အရင်ဆုံး အရောက်သွားပြီး မီးငြှိမ်းသတ်တဲ့စနစ်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ အထပ်မြင့် အဆောက် အအုံတွေ၊ မီးငြှိမ်းသတ်ယာဉ်တွေ အဝင်အထွက်လုပ်ဖို့ ခက်ခဲတဲ့မီးလောင်မှုတွေမှာ အသုံးပြုဖို့နဲ့     ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်မီလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့  Hydraulic Rescue Tools eJY Unmanned Fire Fighting Vehicle (LUF 60) ယာဉ်ကိုလည်း အခုဘဏ္ဍာရေး နှစ်မှာ ထပ်မံ ဝယ်ယူ သွားမှာ ဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ  လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်မြင့်က ပြောသည်။

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် စစ်ကိုင်း တိုင်းဒေသကြီးအတွက် မီးငြှိမ်းသတ်ယာဉ်၁ဝ စီး၊ ရေဂါလန် ၂ဝဝဝ ဆံ့ ရေသယ် ယာဉ် ၁ဝ စီး၊ (13 HP) အပေါ့စားမီးငြှိမ်းသတ် စက် ၁၃၄ လုံး၊ Hydraulic Rescue Tools   ၁ဝစုံနှင့် Unmanned Fire Fighting Vehicle (LUF 60) တစ်စီးတို့ကို ဝယ်ယူ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရသည်။