Doctor of Sciences ဘွဲ့ဆိုသည်မှာ

မင်းမြတ်သုတအောင်(ချယ်ရီတက္ကသိုလ်)

ကမ္ဘာနယ်မြေတစ်ခုကို နိုင်ငံတစ်နိုင်ငံ အဖြစ်တရားဝင် အသိအမှတ်ပြုခံရဖို့ အတွက် ထိုက်သင့်တဲ့အကျယ် အဝန်း နယ်နိမိတ်ရှိဖို့ လိုအပ်ပါတယ်။ တစ်ဖန် ထိုနယ်နိမိတ်အတွင်းနေထိုင်ကြတဲ့ လူများ၊ တစ်နည်းအားဖြင့် ပြည်သူများ ရှိဖို့ လည်း လိုအပ်ပါတယ်။ ထို့အတူပဲ ထိုပြည်သူကို အုပ်ချုပ်တဲ့ အစိုးရလည်း  ရှိရမှာဖြစ်ပါတယ်။ နယ်နိမိတ်၊ ပြည်သူနဲ့ အစိုးရတို့ရှိသော်လည်း ထိုနိုင်ငံ၏နယ်နိမိတ်အတွင်း အစိုးရရဲ့အချုပ်အခြာအာဏာသက်ရောက် မှုမရှိရင် ထိုနိုင်ငံဟာ တရားဥပဒေစိုးမိုးမှု မရှိတဲ့ မင်းမဲ့တိုင်းပြည်အဖြစ်သို့ရောက်ရှိ သွားနိုင်ပြီး နိုင်ငံတကာရဲ့ အသိအမှတ် ပြုမှုလည်း  ကျဆင်းလာမှာဖြစ်ပါတယ်။  

ဒါကြောင့် ကမ္ဘာ့အလယ်မှာ နိုင်ငံတစ်နိုင်ငံ အဖြစ် ထည်ဝါခံ့ညားစွာရပ်တည်နိုင်ဖို့ အချက်ငါးချက်နဲ့ ပြည့်စုံဖို့လို အပ်ပါတယ်။ အဲ့ဒီအချက်တွေကတော့ ၁။ နယ်နိမိတ်၊ ၂။ ပြည်သူ၊ ၃။အစိုးရ၊ ၄။ အချုပ်အခြာအာဏာ၊ ၅။ နိုင်ငံတကာ အသိအမှတ်ပြုမှု တို့ပဲဖြစ်ပါတယ်။    နိုင်ငံတိုင်းအတွက် အထက်ပါအချက်ကြီး  ငါးချက်စလုံးကို  ဆက်စပ် ပေးနိုင်တဲ့   တစ်ခုတည်းသော Institution  တစ်ရပ်ရှိပါတယ်။   အဲဒါ ကတော့  တပ်မတော် ဆိုတဲ့ Institution  ပဲ  ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်  နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထည် စွာရပ်တည်နိုင်ဖို့ ကျောထောက် နောက်ခံ ပြုပေးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဟာ တပ်မတော် ပဲဖြစ်ပါတယ်။  

ဒါကြောင့် ယနေ့တပ်မတော်အကြီးအကဲ များဟာ မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော  ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာစေရေးဆိုတဲ့ ဘက်စုံရည်မှန်းချက် များထားရှိပြီး  အဘက်ဘက်မှ  ကြိုးပမ်း တည်ဆောက်လျက်ရှိပါသည်။    ဒီလို ရည်မှန်းချက်များထဲက စွမ်းရည်ထက်မြက် သော ခေတ်မီ တပ်မတော်တစ်ရပ်ပေါ်ထွန်း လာစေရေးအတွက် တပ်မတော် အကြီးအကဲများက  ရေရှည်စီမံကိန်း ချမှတ်၍ အမြော်အမြင်ကြီးမားစွာနဲ့ အစဉ်တစိုက် ဦးတည်ဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေဖြင့် အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ရရှိရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်  ပြင်ပသို့ရှုမြင်ခြင်းမူဝါဒ (Outward Looking Dimension) ချမှတ်ကာ တပ်မတော်သားများအား နိုင်ငံခြား တိုင်းပြည် များသို့ နှစ်စဉ်ပညာတော်သင်များစေလွှတ် သင်ကြားစေလျက်ရှိပါတယ်။ ဒီလိုစေလွှတ်ခဲ့တဲ့ နိုင်ငံအချို့ ထဲက မြန်မာ့တပ်မတော် သားများ  ပညာတော်သင်စေလွှတ်ရာမှာ လူသိများတဲ့နိုင်ငံတစ်ခုကတော့ ရုရှား ဖက်ဒရေး ရှင်း နိုင်ငံဖြစ်ပါတယ်။   ယနေ့ ဆိုလျှင်   မြန်မာ့တပ်မတော်အတွက် အားကိုးအားထားပြုနေရပြီဖြစ်တဲ့  ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ မဟာဘွဲ့၊ ပါရဂူဘွဲ့ရ အရာရှိတွေမြောက်မြားစွာပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ ရုရှား နိုင်ငံက မဟာဘွဲ့၊ ပါရဂူ ဘွဲ့ရရှိလာတဲ့သူများအပြင်  Doctor of Sciences လို့ခေါ်တဲ့  ပါရဂူဘွဲ့ရပြီးမှ  ဆက်လက် တက်ရောက်ရတဲ့ ဘွဲ့တစ်ခုရှိပါတယ်။  Doctor of Sciences ဆိုတဲ့ ပညာရေးစနစ်ဟာ နိုင်ငံတိုင်းမှာမရှိတာရယ်၊ ဒီပညာရေးစနစ် ရှိတဲ့နိုင်ငံတွေမှာလည်း အခေါ်အဝေါ်ချင်းတူညီပေမဲ့ နိုင်ငံအလိုက် အနှစ်သာရပိုင်းအရ ကွဲပြားတာ ရယ်ကြောင့် လူသိနည်းကြတဲ့ ဘွဲ့တစ်ခုလည်းဖြစ်သလို ရုရှားနိုင်ငံမှာ  ရရှိဖို့ခက်ခဲတဲ့ဘွဲ့တစ်ခု လည်းဖြစ်ပါတယ်။ ယနေ့မြန်မာ့တပ်မတော်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပညာ တော်သင်များနှစ်စဉ် စေလွှတ် ခဲ့ရာမှာ မြန်မာ့ တပ်မတော်အတွင်း   ရုရှားနိုင်ငံမှ ဘွဲ့ရ တပ်မတော်သားပေါင်း ၇ဝဝဝ ကျော် (ထောင်ဂဏန်း အချို့) အထိ မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ထိုအရာရှိများအနက် ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးမှ Doctor of Sciences  ဘွဲ့ရရှိထားတဲ့တပ်မတော် အရာရှိ ရှစ်ဦးအထိ(အချို့)ပင်ပေါ်ထွန်းလာ ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံက  ီသခအသမ သ် ှခငနညခနျ ဘွဲ့ဆိုတာ ဘယ်လိုမျိုးလဲ၊ Doctor of Sciences  ဘွဲ့နဲ့ ပါရဂူ ဘွဲ့ဘယ်လို ကွာခြားချက်တွေရှိပါသလဲ၊ နိုင်ငံအလိုက် ဘယ်လိုကွာခြား သလဲဆိုတာကို သိရှိနိုင်စေဖို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံက  Doctor of Sciences  ဘွဲ့ရရှိခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး တင်ဘုန်းကျော်နဲ့ တွေ့ဆုံမေးမြန်း ချက် များကို တင်ပြလိုက်ရပါတယ်။

စာရေးသူ။ မင်္ဂလာပါ ဗိုလ်မှူးကြီးခင်ဗျာ။ ဗိုလ်မှူးကြီးနဲ့ အခုလို အင်တာဗျူးတွေ့ဆုံ မေးမြန်းခွင့်ရလို့   ဝမ်းမြောက် ဂုဏ်ယူပါကြောင်း   ပဏာမပြောကြားလိုပါတယ် ခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့၊ မင်္ဂလာပါ။ ကျွန်တော် ကလည်း ဝမ်းမြောက်ပါတယ်ခင်ဗျာ။

မေး။ ။ ဗိုလ်မှူးကြီးက ရုရှားနိုင်ငံမှာ မဟာဘွဲ့၊   ပါရဂူဘွဲ့နဲ့  Doctor of Sciences ဘွဲ့များကို အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ပထမမျိုးဆက်သစ် လူငယ်ထဲက တစ်ဦးဖြစ်ကြောင်း သိရပါ တယ်ခင်ဗျာ။ ဗိုလ်မှူးကြီး ရရှိခဲ့တဲ့ဘွဲ့များ အနက် မဟာဘွဲ့၊  ပါရဂူဘွဲ့များဟာ မြန်မာ့ပညာရေး လောကနဲ့   မစိမ်း လှပေမယ့် Doctor of Sciences ဘွဲ့ဆိုတာ လူသိနည်းလှပါတယ်ခင်ဗျ။ ဒါကြောင့် ကျွန်တော် ပထမဆုံး အနေနဲ့မေးချင်တဲ့   မေးခွန်းကတော့   Doctor of Sciences ဆိုတာ ဘယ်လိုဘွဲ့မျိုးပါလဲ။ တစ်နည်း အားဖြင့် ဘယ်လိုပညာရေးစနစ်မျိုးလဲ  သိချင်ပါတယ်ခင်ဗျာ။  ကျွန်တော်လေ့လာရသလောက် နိုင်ငံတကာမှာလဲ  Doctor of Sciences ဘွဲ့ဆိုတာတွေ ရှိပါတယ်။  

ရုရှားနိုင်ငံက  Doctor of Sciences ဘွဲ့ဟာ နိုင်ငံတကာက သတ်မှတ်တဲ့ စံနှုန်းတွေနဲ့  အတူတူပဲလား။ ဒါမှမဟုတ် ကွာခြားချက် တွေများရှိလား ဆိုတာလေး   သိပါရစေခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့။  Doctor of Sciences ဘွဲ့ ဆိုတာ ရုရှားနိုင်ငံအပြင် အခြားနိုင်ငံတွေ မှာလည်းရှိပါတယ်။ ဥပမာ အမေရိကန်၊ ဂျပန်စတဲ့ အခြားသောနိုင်ငံတွေမှာလည်း Doctor of Sciences ဘွဲ့ရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံချင်းစီ အလိုက်  Doctor of Sciences ဘွဲ့အတွက် စံနှုန်းသတ်မှတ်ချက်တွေကွဲပြား ကြပါတယ်။ အကြမ်းဖျင်းအားဖြင့် နိုင်ငံ တကာမှာ  Doctor of Sciences ဘွဲ့ ပုံစံနှစ်မျိုးတွေ့ရပါတယ်။ ပထမ တစ်မျိုးကတော့  Doctor of Sciences ဆိုတဲ့ Ph.D နဲ့ အဆင့်ညီတဲ့ ီသခအသမ သ် ှခငနညခန ဘွဲ့မျိုး ဖြစ်ပါတယ်။ Ph.D ဘွဲ့နဲ့  Doctor of Science ဘွဲ့ကို စည်းခြား သတ်မှတ်ထားပုံ ကတော့ အမျိုးမျိုး တွေ့နိုင်ပါတယ်။ တချို့ နိုင်ငံတွေမှာ Ph.D ကတော့ သီအိုရီ ဦးစားပေးတဲ့  ပုံစံမျိုးဖြစ်ပြီးတော့ Doctor of Science ကတော့ လက်တွေ့ ဦးစားပေးတဲ့ သုတေသန ပုံစံမျိုးအဖြစ် သတ်မှတ်ကြတာ ရှိပါတယ်။ တစ်နည်းအားဖြင့်  Theory Base နဲ့ Applied Base ပေါ်မူတည်ပြီး ခွဲခြားတဲ့သဘောမျိုးပါ။ တချို့ နိုင်ငံတွေမှာ တော့ Ph.D ဘွဲ့အတွက် ကာလသတ်မှတ်ချက်အပြင်  Research  field ထဲမှာ လက်တွေ့တစ်နှစ်  ထပ်မံ ဆောင်ရွက်ပြီး ထိုက်သင့်တဲ့ Result တွေရတော့မှ Doctor of Science ဘွဲ့ကို ပေးတာတွေ လည်းရှိ ပါတယ်။  တချို့နိုင်ငံတွေမှာတော့ Ph.D ဘွဲ့ကို ရိုးရိုး University တွေက ပေးပြီး  Doctor of Science ဘွဲ့ကို Research University တွေကသာ ပေးတာမျိုးတွေလည်း ရှိပါတယ်။ အလားတူပဲ တချို့နိုင်ငံ တွေမှာတော့  ဘာသာရပ်နယ်ပယ်တွေ ခွဲထုတ်လိုက်ပြီး တချို့ဘာသာရပ်တွေကို ဏ့.ီ ဘွဲ့သတ်မှတ် ပေးပြီး တချို့ဘာသာ ရပ်တွေကိုသာ Research University ဘွဲ့ပေးတာမျိုးတွေရှိပါတယ်။  နိုင်ငံ အလိုက်  စံနှုန်းသတ်မှတ်ချက်တွေ ကွဲပြားတာလေးတွေ တွေ့ရမှာဖြစ်ပါတယ်။

ဒုတိယပုံစံကတော့ Ph.D ဘွဲ့ရပြီးမှ တက်ခွင့်ရတဲ့  Research University ဘွဲ့မျိုး ဖြစ်ပါတယ်။ ဒီလိုဘွဲ့မျိုးကိုတော့  ရုရှား၊  ဂျာမနီ၊ ပိုလန်၊ ဘီလာရုစ်၊ သြစတြီးယား၊  ယူကရိန်း၊ ယခင် ဆိုဗီယက်ပြည်ထောင်စု ခွဲထွက်နိုင်ငံ တော်တော် များများမှာတွေ့နိုင် ပါတယ်။ အခုပြောတဲ့ထဲမှာမပါတဲ့ အခြား နိုင်ငံတွေလည်းရှိပါ သေးတယ်။  ဒါပေမဲ့   အခေါ်အဝေါ်အရတော့ ကွဲပြားတာမျိုးတွေရှိသလို တချို့နိုင်ငံတွေမှာတော့  Doctor of  Science လို့ပဲခေါ်ဝေါ် သုံး စွဲကြတာ တွေ့ရပါတယ်။ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေမှာ တော့ ''Habilitation'' လို့ ခေါ်ဝေါ်ပါတယ်။

ရုရှားလိုတော့ ဒီဘွဲ့ကို ''Doktor Nauk'' လို့ ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုရေးတဲ့အခါ မှာတော့ ရုရှားရဲ့ Doctor of Science  ဘွဲ့မှာ တခြားနိုင်ငံက အသုံးအနှုန်းနဲ့မတူဘဲ Science မှာ S ထည့်ပြီး ''Doctor of  Sciences'' လို့ရေးသားပါတယ်။ Doctor of Science ဘွဲ့အပေါ် နိုင်ငံအလိုက် အခေါ်အဝေါ်၊  ထားရှိတဲ့ ရည်ရွယ်ချက်နဲ့ အနှစ် သာရ ပိုင်းတွေမှာ အနည်းနဲ့အများ ကွဲပြားခြားနားမှုရှိပါတယ်။ တချို့နိုင်ငံတွေမှာ Professor တစ်ယောက်ဖြစ်ဖို့ Doctor of Science ဘွဲ့နဲ့ ကန့်သတ်ထား တာကြောင့် ဒီဘွဲ့ဟာ Professor ရာထူး ရယူဖို့အတွက် သတ်မှတ် ချက်လို ဖြစ်သွား ပါတယ်။ 

မေး။ ။ ဟုတ်ကဲ့ ဗိုလ်မှူးကြီး ခင်ဗျာ။ ရုရှားနိုင်ငံရဲ့ ပညာရေးမှာ Doctor of Philosophy နဲ့ Doctor  of Sciences ဘွဲ့  ဘယ်လိုကွာခြားပါသလဲ သိပါရစေခင်ဗျာ။

ဖြေ။ ။ Doctor of Sciences ဘွဲ့အတွက် ပထမဆုံးအချက်အနေနဲ့ Ph.D ဘွဲ့လက်မှတ်  ရရှိထား တဲ့သူဖြစ်ရ ပါမယ်။ ဆိုလိုချင်တာက ရုရှားနိုင်ငံမှာ  Ph.D   Defence ကို အောင်မြင်စွာ ပြီးဆုံးပေမယ့်လည်း ရုရှားလို  VAK  လို့ခေါ်တဲ့ Higher Attestation Commission ကိုဆက်တင်ပြီး စိစစ်တဲ့ အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့ လက်မှတ်ကို ကာလကြာရှည် ဆိုင်းငံ့ထား တာတွေ၊ ပယ်ချတာတွေရှိနိုင်တဲ့ အတွက် Ph.D ဘွဲ့လက်မှတ် ရရှိ ထားတဲ့ သူဖြစ်ရမယ်လို့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ Ph.D တစ်ယောက်ရဲ့   သုတေသနစာတမ်းမှာ  Problem (ပြဿနာ) တစ်ခုကို တည်ဆောက် တဲ့အခါ လက်တွေ့ပြဿနာ တစ်ခုကို တည်ဆောက်နိုင်သလို လက်တွေ့ ပြဿနာတစ်ခုလည်း ဖြစ်ချင်မှဖြစ်ပါမယ်။  မိမိစိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ပြဿနာမျိုးလည်း ဖြစ်နိုင်ပါ တယ်။  လွယ်ကူတဲ့ဥပမာတစ်ခု အနေနဲ့ပြောရမယ်ဆိုရင် မြို့တစ်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းတယ် ဆိုရင် Ph.D ကျောင်းသား တစ်ယောက်ဟာ မြို့ကိုလည်း ကိုယ့်အစီအစဉ်နဲ့တည်ဆောက်၊ကားအရေ အတွက်တွေ ကိုလည်း မိမိအစီ အစဉ်နဲ့ ထည့်သွင်းနိုင်သလို တခြားအချက်အလက်တွေလည်း မိမိစိတ်ကူး၊ မိမိအစီ အစဉ်အတိုင်း ဖန်တီး ဖြေရှင်းနိုင်ပါတယ်။ အလားတူပဲ လက်တွေ့ရှိနေတဲ့ ပြဿနာရဲ့ မျက်နှာစာတစ်ခုခုကို ဖြေရှင်း တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက Ph.D စာတမ်းတစ်ခုဟာ System တစ်ခုလုံးကို ဖြေရှင်းခြင်း မဟုတ်ဘဲ Part of the System ကို ဖြေရှင်းခြင်းဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့ ဥပမာအရ ဆိုရင် သတ်မှတ်ထားတဲ့ ဧရိယာ တစ်ခုအတွက်   ဖြေရှင်းတာမျိုး၊ သတ်မှတ်ထားတဲ့   လမ်းကြောင်းတစ်ခု အတွက် ဖြေရှင်းတာ မျိုးဖြစ်ပါတယ်။

Doctor of Sciences မှာတော့ Problem Statement ကိုတည်ဆောက်ရာမှာ လက်ရှိ တကယ်ရှိနေတဲ့ပြဿနာ ကိုရှာဖွေ ပြီးဖြေရှင်းရတာဖြစ်ပါတယ်။ ဒီပြဿနာကို ရှာဖွေရာမှာလည်း လက်ရှိရင်ဆိုင်နေရတဲ့ အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းခွင်တစ်ခုခု ကနေ  သူတို့ဆီမှာရှိနေတဲ့  ပြဿနာကို သုတေသနပြုမယ့်သူကို လိုလိုလားလားနဲ့ တရားဝင် ပေးဖို့လိုပါတယ်။  တစ်နည်း အားဖြင့် ပြောရမယ်ဆိုရင်တော့ Doctor of Sciences ဘွဲ့မှာ Applied Research ကိုတည်ပြီး Pure Research ကိုလုပ်ခိုင်းတာဖြစ်ပါတယ်။ (Applied Research သက်သက် သွားတာ မျိုးတွေ   ရှိပေမယ့်  ငွေကြေးကုန်ကျမှုနဲ့ အခြားလိုအပ်ချက်တွေ ကလည်း များလွန်းတာကြောင့် နည်းပါးပါ တယ်။) Applied Research ကိုတည်ပြီး  လုပ်ရပေမယ့်   စာတမ်းရေးသားတဲ့အခါ  Pure Research ရဲ့ သဘော သဘာဝ အတိုင်း သတ်မှတ်ထားတဲ့ စည်းမျဉ်းဘောင် များစွာထဲကနေ သွားရပါတယ်။  နောက် တစ်ချက် ကတော့ လက်ရှိဖြစ် နေတဲ့ပြဿနာ ပေါ်မူတည်ပြီး  Problem Statement တည်ဆောက်ရတာကြောင့် ဒီကိစ္စဟာ Doctor of Sciences ဘွဲ့အတွက် ပြင်ဆင် မယ်ဆိုတာနဲ့ စတင်ရင်ဆိုင်ရတဲ့ အခက်အခဲ တစ်ခုဖြစ်တယ်လို့လည်း  ဆိုနိုင် ပါတယ်။ အခြေခံသုတေသနက   Tools  တွေနဲ့ အသုံးချသုတေသနမှာ လိုက်လျော ညီထွေ ဖြစ်အောင် စဉ်းစား ရတာမို့ တစ်ဖက်မှာလည်း ထိုက်သင့်တဲ့အခက်အခဲတွေရှိသလို တစ်ဖက် ကလည်း  တန်ဖိုးရှိတဲ့အတွေ့ အကြုံ များကို  ရရှိစေပါတယ်။ တစ်နည်းအားဖြင့်   ပြောရရင်တော့  Doctor of Sciences ဘွဲ့အတွက်   စတင် ပြင်ဆင် ကတည်းက Professional လမ်းကြောင်း ပေါ်ကို ဦးတည် ပေးထားတဲ့ သဘောဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့   Doctor of Sciences မှာ System တစ်ခုလုံး၊  မိမိ ဖြေရှင်းရမယ့် မျက်နှာ စာ အားလုံးကို ဖြေရှင်း ရပါတယ်။ အစောကပြောတဲ့ ဥပမာအရပြောရရင် မြို့တစ်မြို့လုံးရဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို ၂၄ နာရီ ပတ်လုံးအတွက် ဖြေရှင်းရပါတယ်။ Doctor of Sciences ဘွဲ့အတွက် ရုရှားနိုင်ငံရဲ့ သတ်မှတ် ချက်မှာ ကိုက (ရုရှား)နိုင်ငံတော်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊ ကျန်းမာရေးနဲ့ သိပ္ပံနှင့် နည်းပညာစတဲ့ ကဏ္ ဍတွေကို တိုက်ရိုက် အထောက်အကူဖြစ်စေတဲ့ သုတေသနရလဒ်မျိုးဖြစ်ရမယ်လို့ သတ်မှတ်ထားပါ တယ်။ နောက်တစ်ချက်ကတော့  Doctor of Sciences ဘွဲ့  တက်ရောက်နေတဲ့ သူတစ်ယောက်ကို   တစ်ချိန် တည်း မှာပဲ အဲ့ဒီတက္ကသိုလ်တွေမှာ ဆရာတစ်ယောက် အဖြစ်  သတ်မှတ်ထားပါတယ်။ ၂ဝ၁၃ ခုနှစ်ကစပြီး နိုင်ငံခြားသား Doctor of Sciences ဘွဲ့  တက်ရောက်နေ တဲ့သူတွေဟာ တက္ကသိုလ်တွေမှာ ဆရာအဖြစ်လည်း တရားဝင် လျှောက်ထားနိုင်ပြီး တရားဝင် လစာနဲ့  ခံစားခွင့် တချို့လည်း ရရှိနိုင်ပါတယ်။ တရားဝင် လျှောက်ထား သည်ဖြစ် စေ၊ မလျှောက်ထားသည်ဖြစ်စေ Doctor of Sciences ဘွဲ့အတွက် တက်ရောက်နေသူ တစ်ယောက်ဟာ တက္ကသိုလ် တွေမှာ အလုပ် သဘောအရကို ဆရာ တစ်ယောက်ဖြစ်ပြီး ဆရာတစ်ယောက်လို တာဝန်ထမ်းဆောင် ရပါတယ်။ မိမိတက်ရောက်နေတဲ့ တက္ကသိုလ် အတွက် ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ် ရေးသားရတာ၊ Bachelor,Master ဘွဲ့ ယူမယ့် ကျောင်းသား တွေကို စာသင်ရတာ၊ Ph.D  ဘွဲ့  ကျောင်းသားတွေကို Cosupervisor အနေနဲ့ တွဲဖက်ဆောင်ရွက်ပေးရတာတွေဟာ  Doctor of Sciences တက်ရောက် နေတဲ့သူများ အတွက်  မဖြစ်မနေ လုပ်ဆောင်ရမယ့်သတ်မှတ်ချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေပြည့်စုံမှ  Dissertation board ကလည်း Defence ပြုလုပ်ဖို့  လက်ခံစဉ်းစားပေးတာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်တွေက  Doctor  of  Sciences တက်ရောက်နေတဲ့သူ တစ်ယောက် အတွက် အနည်းဆုံးသတ်မှတ်ချက်တွေ ဖြစ်ပြီး မိမိတက်ရောက် နေတဲ့ တက္ကသိုလ်နဲ့ မိမိတက်ရောက်နေတဲ့ဌာနရဲ့ လိုလားချက် ပေါ်မူတည်ပြီး   ဒီထက်ပိုမိုတဲ့ လုပ်ငန်း တာဝန် တွေကိုလည်း ထမ်းဆောင်ရနိုင် ပါတယ်။ ဥပမာ-  ကျောင်းသားများပြီး ဆရာအင်အား နည်းတဲ့ ဌာနတွေမှာဆိုရင်  သင်ကြားရေးနဲ့ ပတ်သက်ပြီး လစ်ဟာနေတဲ့ အခန်းကဏ္ဍတွေမှာ ဝင်ရောက်ဖြည့်ဆည်း ပေးရတာ မျိုးဖြစ်နိုင် ပါတယ်။ အလားတူ သုတေသန ပရောဂျက်တွေမှာ ဌာနက ဆရာတွေနဲ့  တွဲဖက်ဆောင်ရွက် ရတာ မျိုးတွေ လည်း ရှိနိုင်ပါတယ်။   

အလုပ်သဘောသတ်မှတ်ချက်အားဖြင့် လည်း  Doctor  of  Sciences ဘွဲ့ရဲ့ လုပ်ဆောင်ရမယ့် လုပ်ဆောင် ချက် တွေကို သုံးဆ သီအိုရီနဲ့ သတ်မှတ်ထားပါတယ်။ ဆိုလိုတာက Ph.D ဘွဲ့လုပ်ဆောင်ရမယ့် လုပ်ငန်းများထက်   သုံးဆ ပိုအောင် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။  Scientific Article တွေရေးသားတဲ့ အပိုင်းမှာ Ph.D ဘွဲ့အ တွက် အနည်းဆုံး သုံးစောင်မှ ငါးစောင်ထုတ်ဖို့  သတ်မှတ်ထားပေမယ့် Doctor  of  Sciences ဘွဲ့အတွက်  အနည်းဆုံး ၁ဝ စောင်မှ  ၁၅  စောင် သတ်မှတ်ထားပါတယ်။ သုတေသန စာတမ်းပိုင်းမှာလည်း သုံးဆလောက် ပိုပါတယ်။ အလားတူပဲ ရုရှားနိုင်ငံမှာ စာပေပိုင်းဆိုင်ရာ ရာထူးတွေ နေရာတွေပေးဖို့ အတွက် သတ်မှတ်ချက်တွေ  စဉ်းစားတဲ့ အခါ သို့မဟုတ် တခြားပညာရေးနဲ့သက်ဆိုင် တဲ့ ဘုတ်အဖွဲ့တွေမှာ  (ဥပမာအားဖြင့် ပါမောက္ခ (Professor) ရာထူးပေးတဲ့ အခါ)  Doctor of Sciences ဘွဲ့ရရှိပြီးသူ  သို့မဟုတ် Ph.D ဘွဲ့ရရှိထားပြီး အနည်းဆုံး Ph.D ကျောင်းသား  သုံးဦးကို Supervisor လုပ်ခဲ့ဖူးသူဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဆိုလိုတာ က Ph.D ကျမ်း  အနည်းဆုံးသုံးစောင်ကို ကြီးကြပ်ပေးဖူးသူဖြစ်ရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Doctor of Sciences ဘွဲ့ရရှိထားသူများကိုသာ  ပါမောက္ခ ရာထူးပေးတဲ့စနစ်ကို ရုရှားနိုင်ငံက တချို့သော တက္ကသိုလ်တွေ မှာစတင်ကျင့်သုံးနေပြီ   ဖြစ်ပါတယ်။ ဒါကြောင့် ဒီသုံးဆမူဝါဒဟာ ရုရှားနိုင်ငံရဲ့  ပညာရပ်ဆိုင်ရာ လုပ်ငန်း နယ်ပယ် တစ်လျှောက်လုံးမှာ အကျုံးဝင်သွားသလို Doctor of Philosophy နဲ့ Doctor  of Sciences  ဘွဲ့  ဘယ်လိုကွာခြားပါသလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေတစ်စိတ်တစ်ပိုင်း လည်း ဖြစ်ပါတယ်။

မေး။  ။ Ph.D ပြီးတဲ့နောက် Doctor of Sciences ဘွဲ့အတွက် ဘယ်လိုရွေးချယ် ပါသလဲခင်ဗျာ။ Ph.D  Defence ရဲ့ ရလဒ်ပေါ် မူတည်ပြီး ရွေးချယ်တာမျိုး ပါလားခင်ဗျာ။

ဖြေ။   Doctor of Sciences တက်ရောက်ဖို့အတွက်  Ph.D ဘွဲ့ရဖို့  မဖြစ် မနေလိုအပ်ပါတယ်။   ယခင် ကတော့  Doctor of Sciences ဘွဲ့နဲ့ ကိုက်ညီတဲ့ သုတေသနရလဒ်မျိုးရှိရင် Ph.D ဘွဲ့ကို ကျော်ပြီး  Doctor of Sciences ဘွဲ့အတွက် တိုက်ရိုက်ကျမ်းခုခံ (Defence) ပြုလုပ်ခဲ့ တာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့   အခု နောက်ပိုင်းမှာတော့ Ph.D ဘွဲ့ရမှသာ Doctor of Sciences ကို တက်ရောက် နိုင်ပါတယ်။ Doctor of Sciences ဘွဲ့ တက်ရောက်ဖို့အတွက် Ph.D Defence ရဲ့ ရလဒ်ပေါ် မှီခိုခြင်းမရှိပါဘူး။ Ph.D  Defence မှာ  Dissertation  board အဖွဲ့က  Ph.D  ကျောင်းသားရဲ့ သုတေသန ရလဒ်ကို ထောက်ခံတယ်၊  မထောက်ခံ ဘူးဆိုတာပဲ ရှိပါတယ်။  Dissertation board   အဖွဲ့ဝင်  သုံးပုံ နှစ်ပုံ ကျော်က  ထောက်ခံရင် Defence အောင်မြင်ပါတယ်။ Doctor of Sciences ဘွဲ့တက်ဖို့ Dissertation board အဖွဲ့က   တစ်စုံ တစ်ရာ မှတ်ချက်ပေးခြင်းမျိုး မရှိပါဘူး။ ဒါပေမဲ့ မိမိရဲ့ Ph.D  သုတေသန စာတမ်း ဟာ  Doctor of Sciences ဘွဲ့ယူဖို့ အတွက်   လုံလောက်တဲ့ အလားအလာ ကောင်းတွေရှိတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နည်းပညာအခက်အခဲတွေကို ချဉ်းကပ်ဖြေရှင်းနိုင်မယ့်  အခြေခံ ကောင်းတွေ ပါဝင်တယ်။ မြေပြင်မှာလည်း ဒီလိုပြဿနာမျိုး နဲ့ရင်ဆိုင်နေရတယ်။ တစ်နည်းအားဖြင့် Problem Statement တွေရှိနေတယ် ဆိုရင်  အကြမ်းဖျင်းအားဖြင့် မိမိရဲ့ Ph.D  စာတမ်းဟာ  Doctor of Sciences ဘွဲ့ တက်ရောက် နိုင်ဖို့အတွက် အခြေခံကောင်း တွေရှိနေတယ်လို့  ဆိုရမှာဖြစ်ပါတယ်။ တကယ်လို့ Ph.D  စာတမ်းဟာကျဉ်းမြောင်းလွန်းတဲ့ Speciality ဖြစ်နေရင် ဒါမှမဟုတ်   စိတ်ကူးယဉ် သိပ်ဆန်သွား တာမျိုးဖြစ် ရင်တော့ Doctor of Sciences ဘွဲ့အတွက် ဆက်လက်ချဉ်းကပ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ နောက်တစ်ခုက  ဒီ အချက် တွေကိုလည်း Ph.D Dissertation board က  အဆုံးအဖြတ်ပေးခြင်းမရှိ ပါဘူး။   Ph.D  ဘွဲ့ရထားသူ တစ်ယောက် Doctor of Sciences တက်ဖို့က  မိမိ တက်နေတဲ့ဌာနက ထောက်ခံဖို့လိုအပ်ပါတယ်။ ဌာနက ထောက်ခံချက် ဆိုတာလည်း ဌာနမှူး တစ်ယောက်တည်းရဲ့  ဆုံးဖြတ်ချက်နဲ့ ထောက်ခံလို့ မရပါဘူး။  ဌာနမှာရှိ တဲ့ ဆရာအားလုံး ပါဝင်တဲ့ လစဉ်အစည်း အဝေးမှာ တင်ပြပြီး  မဲခွဲဆုံးဖြတ်တာဖြစ် ပါတယ်။ အနည်းဆုံး  သုံးပုံနှစ် ပုံသော ဆရာများကထောက်ခံမှ ဌာနရဲ့ Attestation Committee ကို  ဆက်တင် ရပါတယ်။ 

Attestation Committee မှာ ထပ်မံမဲခွဲ ထောက်ခံပြီးမှ ဌာနကြီး (Facility) ကို တင်ပါတယ်။ ဌာနကြီးကနေ  တက္က သိုလ်  Dean, Protector စသည်ဖြင့် အဆင့်ဆင့် ဆက်တင်ပါတယ်။ ဒါကြောင့် Doctor of Sciences ဘွဲ့တက်တဲ့အခါ   M.Sc, Ph.D ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်  မိမိရဲ့ ကြိုးစားအားထုတ်မှု၊ နေထိုင်ဆောင် ရွက်မှုများနဲ့ ဌာနကဆရာများရဲ့ မိမိအပေါ် အကဲဖြတ်ချက်များက  တစ်စိတ်တစ်ပိုင်း အားဖြင့် အရေး ပါလှ ပါတယ်။

နောက်တစ်ချက် ကတော့ မိမိရဲ့ Doctor of Sciences သုတေသနစာတမ်းကို ကြီးကြပ် အကြံပြု ပေး မယ့် Consultant ရှိဖို့ဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ Doctor of Sciences ဘွဲ့အတွက်  Consultant လုပ်ပေးမယ့် ဆရာတစ်ယောက်ဟာ ဘယ်လိုအရည်အချင်းသတ်မှတ်ချက် မျိုးတွေနဲ့ ပြည့်စုံရမယ်ဆိုတာ ကန့်သတ် သတ်မှတ်ထားလို့ပဲ ဖြစ်ပါတယ်။  အဲဒီ သတ်မှတ်ချက်တွေကလည်း မကြာခဏ ပြောင်းလဲ နေတတ်ပါ တယ်။ Doctor of Sciences ဘွဲ့ယူမယ့်သူတစ်ယောက်ကို  ကြီးကြပ် ပေးမယ့် Consultant ဟာ Doctor of Sciences ဘွဲ့ရဆရာတစ်ယောက်ဖြစ် နေရမှာ ဖြစ်တာကြောင့် ဒီမှာတင်ဘောင်က ကျဉ်းသွားပါတယ်။ ကိုယ်ယူ မယ့် ဘာသာရပ်နယ်ပယ်နဲ့ ကိုက်ညီတဲ့ Doctor of Sciences ဘွဲ့ရထားတဲ့ဆရာက  တစ်ကျောင်းလုံးမှာ တစ်ယောက်၊  နှစ်ယောက်သာ  ရှိတတ်တာမျိုးပါ။   အဲဒီဆရာတွေကလည်း များသောအားဖြင့်  အလုပ်တွေ သိပ်များ လေ့ရှိတာကြောင့် Consultant တာဝန်ယူဖို့ ခဲယဉ်းလှပါတယ်။ ဒါကြောင့် Doctor of Sciences ဘွဲ့အတွက် Consultant လုပ်ပေးမယ့် ဆရာကရှားပါးပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား ကျောင်းသားတွေ အတွက် ပိုရှားပါတယ်။  ဘာကြောင့် လဲဆိုရင် အဓိကအချက်က အချိန်ကာလ သတ်မှတ်ချက်ကြောင့်ဖြစ်ပါတယ်။ Doctor of Sciences ဘွဲ့အတွက် အကြမ်းဖျင်း ၅ နှစ်သတ်မှတ်ထားပါတယ်။ ရုရှားနိုင်ငံ သားတွေ အတွက် ကတော့  ဌာနမှာဆရာ အဖြစ် အလုပ်လုပ်ရင်း သို့မဟုတ် သုတေသနဌာနတွေမှာ အလုပ်လုပ်ရင်း Doctor of Sciences ဘွဲ့အတွက်  ပြင်ဆင်ကြ ပါတယ်။ လုံလောက်တဲ့ပြင်ဆင်မှုတွေရှိပြီဆိုမှ Doctor of Sciences ဘွဲ့ယူဖို့အတွက်  တရားဝင် စာရွက်စာတမ်းတွေ တင်သွင်းပြီး သုတေသနစာတမ်းအတွက် စလုပ်ပါ တယ်။  ၅ နှစ်နဲ့မလုံလောက်လို့ Extension လုပ်ရမယ်ဆိုလည်း  လုပ်ငန်းခွင်ကို ကြီးကြီး ကျယ်ကျယ် မထိခိုက် စေဘဲ  လုပ်ဆောင်သွားနိုင်တာကြောင့် ရုရှားနိုင်ငံသားတွေ အတွက် အချိန်ကာလ သတ်မှတ်ချက်ဟာ  အကန့် အသတ် တစ်ခု ဖြစ်ပေမယ့်လည်း ကြီးမားတဲ့ Barrier ကြီးတစ်ခုတော့ မဟုတ်ပါဘူး။ နိုင်ငံခြားသား တွေအတွက်တော့ ဒီအခြေခံသတ်မှတ်ချက် ၅နှစ်အတွင်း  လုပ်ဆောင်ရ တာကြောင့်  အချိန်ကာလနည်းပါတယ်။ ဒီ ၅နှစ်အတွင်းမှာ   သတ်မှတ်ထားတဲ့ ဆောင်းပါးအရေ အတွက် ၁၅ စောင် အနည်းဆုံး ရေးသားရတာအပြင် စာသင်ရတာ၊ ပြဋ္ဌာန်း စာအုပ် ထုတ်ရတာ၊ Seminar တွေ Conference တွေတက်ရတာ၊ Supervisor,  Co-Supervisor များ  လိုအပ် သလို တာဝန် ယူပေး ရတာနဲ့ အခြားအခြားသော တာဝန်တွေ ဆောင်ရွက် ရတာများ ရှိပါတယ်။ ၅ နှစ်မလုံ လောက်ရင်   သက်တမ်းတိုး နိုင်ပေမယ့်လည်း   ငွေကြေး ကုန်ကျမှုအပါအဝင်  အခြား  ဘေးထွက်ဆိုးကျိုးများ လည်းရှိနိုင်တာကြောင့် ခဏခဏ သက်တမ်းတိုးတိုး နေရခြင်းဟာ ဆရာအပေါ်မှာရော တပည့် အပေါ်မှာပါ ဖိအား တွေပို တိုးစေပါတယ်။

ဆရာကလည်း မိမိကို ယုံယုံကြည်ကြည် နဲ့လက်ခံလို့ ကိုယ့်ကိုယူမယ့် ဆရာလည်းရှိပြီ၊ ဌာန၊  ဌာနကြီးနဲ့ အဆင့်ဆင့် ကလည်း လက်ခံပြီဆိုရင်   စာတမ်းတင်ဖို့အတွက်  မြေပြင်မှာ   တကယ်ဖြစ်နေတဲ့ ပြဿနာ  Problem Statement ကို  ရှာဖွေတည် ဆောက်ရပါတယ်။ Problem Statement ကို ရှာတဲ့ အခါသက်ဆိုင်ရာ အဖွဲ့ အစည်း ဆီကနေ  သူတို့မှာရှိနေတဲ့ပြဿနာကို တရားဝင်စာနဲ့ ပေးရ၊ ယူရပါတယ်။ ဥပမာ လေကြောင်း ထိန်းသိမ်း မှုပိုင်းက  ပြဿနာတစ်ခုခုကို ဖြေရှင်းရမယ်ဆိုရင် သက်ဆိုင်တဲ့ Civil Aviation Organization တစ်ခု က သူတို့မှာလက်ရှိ ဒီလိုပြဿနာမျိုးရှိနေ ပါတယ်ဆိုတဲ့ Problem Statement နဲ့လိုအပ်တဲ့ Data တွေကို တရားဝင် စာနဲ့ ရယူရတာမျိုးဖြစ်ပါတယ်။ အဲဒီနောက်  သုတေ သနစာတမ်းခေါင်းစဉ်ကို အကြမ်းဖျင်း ရွေးချယ်ပြီး တင်ပြပေးရပါတယ်။ Ph.D နဲ့ကွဲပြားတာက  Doctor of Sciences ဘွဲ့မှာ System တစ်ခုလုံးကို ဖြေရှင်းရ တာဖြစ်တဲ့ အတွက် System တစ်ခုလုံး ဟာ ကိုယ်ရဲ့  Speciality တစ်ခုလုံးမှာ  အကျုံးဝင် နေဖို့လိုပါတယ်။    ရုရှားမှာ  Speciality field တွေကများသလို ဘောင် လည်းကျဉ်းပါတယ်။   မိမိသုတေသန စာတမ်းဟာ မိမိလုပ်ရ မယ့် Speciality field ကိုဘောင် ကျော်ပြီး တခြား Field တစ်ခုထဲ ဝင်သွားရင် Dissertation board တင်တော့မှ ပယ်ချတာ၊   ပြန်ပြင် ိုင်းတာ တွေ ရှိတဲ့အတွက်  အချိန်လည်းကြာသွား နိုင်သလို မအောင်မမြင်လည်း ဖြစ်သွား နိုင် ပါတယ်။ ဒါကြောင့်   စလုံးရေစပြီဆိုက တည်းက Doctor of Sciences မှာပါတဲ့ မူဝါဒတွေနဲ့ ကိုက်ညီဖို့  ချိန်ညှိရပါတယ်။  Doctor of Sciences က ဆရာတွေရဲ့ အကြံဉာဏ်ရယူရပါတယ်။ ကျွန်တော် တို့တက်စဉ် ကတော့ သုတေ သနစာတမ်း တစ်ခုမှာ ကိုယ့်ရဲ့ Speciality field မဟုတ်ပေမယ့် ဆက်စပ်နေတဲ့ Field တစ်ခုကို မိမိ ရဲ့ သုတေသနစာတမ်းမှာ ၂၅ ရာခိုင်နှုန်း သာ ဖော်ပြခွင့်ပြုထားပါတယ်။ အခုတော့  အနည်းငယ် ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။  ပန်းချီဆွဲတာနဲ့ဥပမာပြရမယ် ဆိုရင် မျက်နှာကို အသားပေးဆွဲတဲ့ ပန်းချီ တစ်ခုမှာ မျက်နှာကို ၇၅ ရာခိုင်နှုန်းဖော်ပြ ရေးဆွဲရပြီးတော့  မျက်နှာနဲ့ဆက်စပ်တဲ့ ခေါင်းနဲ့လည်ပင်းကို ၂၅ ရာခိုင်နှုန်းသာ  ဖော်ပြခွင့်ရှိတဲ့ သဘောမျိုး ဖြစ်ပါတယ်။

အနှစ်ချုပ် အနေနဲ့ ပြောရရင်တော့ Doctor of Sciences ဘွဲ့တက်ရောက်ဖို့ Ph.D  Defence  ရဲ့ ရလဒ် အပေါ် တိုက်ရိုက် မှီခိုခြင်း မရှိပါဘူး။ လက်ဝှေ့စကားနဲ့ ပြောရရင်တော့ ဝိတ်တန်းလည်းမီတယ်။ လက်ရည်လည်း မီတယ်။ ထိုးသတ်နိုင် စွမ်းလည်းရှိတယ်ဆိုရင်   ထောက်ခံပြီး စင်ပေါ် တင်ပေးလိုက်တဲ့ သဘောပါပဲ။

မေး။  ။ ကျမ်းကြီးကြပ်သူကို များသောအားဖြင့်  Supervisor လို့ခေါ်ကြပါတယ်။ ဗိုလ်မှူးကြီး ပြောသွားတဲ့ အထဲမှာ Consultant လို့သုံးနှုန်းသွားတာ ကြားရပါတယ်။ အဲဒါဘယ်လိုကွာခြားပါသလဲ ။ ဒါမှ မဟုတ် အတူ တူပဲလား ခင်ဗျ။

ဖြေ။   ။ ရုရှားနိုင်ငံမှာ Ph.D အတွက် ကြီးကြပ်ပေးတဲ့ ဆရာကို Supervisor လို့ခေါ်ပြီး  Doctor  of  Sciences  ဘွဲ့မှာ တော့ Consultant လို့ သုံးနှုန်းပါတယ်။ အဓိကကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုင်းမှာ  ကွာခြားတယ်လို့ ပြောနိုင် ပါတယ်။  ဆိုလိုတာကတော့ ထဲထဲဝင်ဝင် ကြီးကြပ်ကွပ်ကဲ ပေးဖို့တာဝန်မရှိဘဲ   ဆွေးနွေး အတိုင်ပင်ခံပြီး ထိန်းကျောင်း လမ်းညွှန်ပေးရ တဲ့သဘောကို ရည်ညွှန်းပါတယ်။ သို့သော်လည်း တကယ် တမ်း လက်တွေ့မှာတော့

ဒီထက်ပိုပြီးကျယ်ပြန့်ပါတယ်။ Doctor of Sciences ဘွဲ့အတွက် သတ်မှတ်ထားတဲ့   လိုလားချက်တွေ များပြားပြီး    အချိန် ကန့်သတ်ချက်လည်းရှိတာကြောင့် အမှားတွေ ထပ်ခါထပ်ခါ လိုက်ပြင်နေဖို့ အချိန် များများ စားစား မရှိလှပါဘူး။ ဒါကြောင့် Supervisor လို့ပဲပြောပြော Consultant လို့ပဲပြောပြော အတွေ့အကြုံရှိတဲ့သူတွေရဲ့ လမ်းညွှန်ပြသမှုဟာ ခြေလှမ်းတိုင်း အတွက်    အရေးကြီးတာကြောင့်  Supervisor ဆရာတစ်ယောက်ရဲ့ အခန်း ကဏ္ဍဟာ အရေးပါတယ်ဆိုတာ ချန်လှပ် ထားလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။

မေး။  ။  Scientific Article တွေ ရေးသားတဲ့အပိုင်းမှာ Ph.D ဘွဲ့အတွက် အနည်းဆုံး ၃ စောင်မှ ၅ စောင်၊ Doctor of Sciences ဘွဲ့အတွက် အနည်းဆုံး၁ဝ စောင်မှ ၁၅ စောင်လို့  ဗိုလ်မှူးကြီး ပြောသွား ပါတယ်ခင်ဗျ။ ၁ဝ စောင်ထုတ် ရမယ်၊ ၁၅ စောင်ထုတ်ရမယ်ဆိုတာ ဘယ်အချက်တွေပေါ်မူတည်ပြီး   သတ်မှတ်ပါသလဲ ခင်ဗျ။

ဖြေ။   ။ ဟုတ်ကဲ့။ ၁ဝ စောင်ကနေ ၁၅ စောင်သတ်မှတ်နိုင်တယ်ဆိုတာက ရုရှားရဲ့ Higher Attestation Commission က Dissertation board ကို သတ်မှတ်ပေးထားတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။  အရေအတွက် ဘယ်လောက် အတိအကျ သတ်မှတ်ဆုံးဖြတ်တာတော့ Dissertation board ရဲ့ အခွင့် အာဏာဖြစ်ပါတယ်။ ကိုယ်  Defence လုပ်မယ့်  Board က သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း လုပ်ဆောင်ရပါတယ်။    ပိုရင်တော့  ပိုကောင်း ပါတယ်။   လိုနေရင်တော့ Defence လုပ်ခွင့်မပြုပါဘူး။   ဒီအရေ အတွက် သတ်မှတ်ချက်ကိုတော့ Dissertation board ကနေ ဘာသာရပ်နယ်ပယ် အပေါ်မှာ မူတည်ပြီး စဉ်းစားတယ်လို့ သိရပါတယ်။ ဥပမာ ဒေတာအချက်အလက် စုဆောင်းရရှိမှုခက်ခဲနိုင်တဲ့ တချို့ဘာသာ ရပ်ဆိုင်ရာ နယ်ပယ်တွေ၊  သုတေသန နယ်ပယ်အားဖြင့်  ကျဉ်းမြောင်းလွန်းတဲ့  Speciality တွေ၊  ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတဲ့  ဘာသာရပ်ဆိုင်ရာ နယ်ပယ်တွေ အတွက် အနည်းဆုံးအရေအတွက် ကိုသတ် မှတ်ပေး တာရှိသလို Dissertation board ရဲ့  အခွင့် အာဏာဖြစ်တာကြောင့် ဒီဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ သတ်မှတ်ထားတဲ့ အရေအတွက်ကို တိုးခြင်း၊ လျှော့ခြင်း ပြုလုပ် ခွင့်ရှိသော် လည်းပဲ ၁ဝ စောင်ဆိုတဲ့ သတ်မှတ်ချက်ထက်တော့ လျှော့ချခွင့် မရှိပါဘူး။ ရုရှားနိုင်ငံမှာ ဒီမူဝါဒ တွေ ကလည်း အပြောင်းအလဲ အမြဲရှိနေတာကြောင့် လက်ရှိအခြေအနေမှာ တစ်မျိုးတစ်မည် ဖြစ်နိုင်ပါတယ်။ 

မေး။   ။ရုရှားနိုင်ငံမှာ Doctor of Sciences ဘွဲ့အတွက် နှစ်စဉ်တက်ရောက်သူ အရေ အတွက်အားဖြင့်  ခန့်မှန်း ဘယ်လောက် များရှိပါသလဲ။ နိုင်ငံခြားသား  Doctor of Sciences တက်ရောက်ကြသူတွေ ရော ရုရှားမှာ ဘယ်လောက်များများရှိပါသလဲခင်ဗျာ။

ဖြေ။    ။ အတိအကျတော့  စာရင်းဇယားနဲ့ ကျွန်တော်မသိပါဘူး။ သို့သော်လည်း Doctor of Sciences ဟာ အလုပ်သဘော အရလည်း ဝန်ထုပ်ဝန်ပိုးများတာရယ် လုပ်ငန်းစဉ်အရလည်း ရှုပ်ထွေးတာရယ်နဲ့ နှစ်ကာလ အားဖြင့် ၅ နှစ်သတ်မှတ်ထား သော်လည်း  လက်တွေ့အခြေအနေမှာ အတိအကျခန့်မှန်းလို့  မရနိုင်တာတွေ ကြောင့် Doctor of Sciences ဘွဲ့  တက်ရောက်တဲ့ကျောင်းသား  အလွန်နည်း ပါတယ်။ ကျွန်တော်တက်ခဲ့တဲ့  ဌာနမှာ ကျွန်တော့်ရှေ့က Doctor of Sciences ဘွဲ့ရထားတဲ့သူဟာ ကျွန်တော်မရခင် ၁၅  နှစ်လောက်ကရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ  ဌာနမှူးတာဝန်ကိုတောင်   ထမ်းဆောင် နေပြီဖြစ်ပါတယ်။  နိုင်ငံခြားသားကျောင်း သားအနေနဲ့ကတော့  ပိုလို့တောင်ရှားပါ တယ်။  ကျွန်တော်တို့   တက္ကသိုလ်မှာ ကျွန်တော်ဟာ တက္ကသိုလ်ရဲ့   သမိုင်းမှာ ပထမဆုံးနိုင်ငံခြားသား  Doctor of Sciences ဘွဲ့ရရှိတဲ့သူ   ဖြစ်ပါတယ်။ ကျွန်တော်အရင် တက်ခဲ့တဲ့ နိုင်ငံခြားသား ကျောင်းသားတစ်ဦးရှိတယ်လို့ သိမှတ်ရပေ မယ့် အကြောင်း အမျိုးမျိုးကြောင့် ဘွဲ့ရတဲ့ အထိ မရောက်ရှိခဲ့ဘူးလို့ သိရပါတယ်။

မေး။   ။ ဒီဘွဲ့ရပြီးရင်   ရုရှားနိုင်ငံမှာ  ဘယ်လိုအခွင့်အရေးတွေ အကျိုးအမြတ် မျိုးတွေ ရှိပါသလဲခင်ဗျာ။

ဖြေ။ ။ အခွင့်အရေးဆိုတာကတော့ အခွင့် အလမ်းကို ဆုပ်ကိုင်နိုင်ပြီးမှ ရရှိတာမျိုး ဖြစ်ပါတယ်။ အကျိုးအမြတ် ဆိုတာကတော့ အခွင့်အရေးကို အသုံးချနိုင်တဲ့အခါ ရရှိလာတဲ့ အသီးအပွင့်ဖြစ်ပါတယ်။ ရုရှားလို နိုင်ငံမျိုးမှာ  Doctor  of  Sciences  ဘွဲ့ ရရှိထားတာဟာ အခွင့်အလမ်းကို ဆုပ်ကိုင်ထားနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အခွင့် အရေးဆိုတာလည်း အများကြီးရှိလာပါ တယ်။ ဒီအခွင့်အရေးတွေကို အသုံးချနိုင် တဲ့အခါ အကျိုးအမြတ် ရရှိလာမှာဖြစ်ပါ တယ်။ Doctor  of  Sciences  ဘွဲ့ရထား တဲ့သူတစ်ယောက်အတွက် ပညာရေး နယ်ပယ်မှာ   ပါဝင်ဆောင်ရွက်နိုင်တဲ့  အခွင့်အရေးများစွာရှိပါတယ်။ ပညာရေး နယ်ပယ်သာမက ရုရှားနိုင်ငံရဲ့ သုတေသန နဲ့ပတ်သက်တဲ့  လုပ်ငန်းနယ်ပယ်တွေ အတော်များများမှာ ပါဝင်ဆောင်ရွက်ခွင့် တွေလည်း ရရှိနိုင်ပါတယ်။

မေး။ ။ ရုရှားနိုင်ငံမှာ ပညာသင်ကြားခဲ့ ရခြင်းကြောင့်  ရရှိခဲ့တဲ့အကျိုးကျေးဇူး တွေက ဘယ်လိုများရှိပါသလဲ ခင်ဗျာ။ အတို ချုံးဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။  

ဖြေ။  ။ တိုတိုပြောရရင်တော့ ရုရှားနိုင်ငံမှာ ပညာသင်ကြားခဲ့ရတဲ့  အကျိုးကျေးဇူး နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုး ကတော့ ရုရှားလို နည်းပညာမြင့်မားတဲ့နိုင်ငံကြီး မျိုးမှာ Doctor  of  Sciences  တက်ရောက်ပြီး  ဆရာ အဖြစ် ဆောင်ရွက်ရတာတွေ၊  သုတေသနတွေမှာ  တွဲဖက်ဆောင်ရွက် ရတာတွေ၊ ဌာနရဲ့လုပ်ငန်းအချို့နဲ့ဆရာ တွေနဲ့အတူ  လိုက်ပါလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကြောင့်   Doctor  of  Sciences  ဘွဲ့ရရှိပြီးတဲ့အချိန်မှာ ပညာရေးနဲ့ ပတ်သက် ပြီး အတွေ့အကြုံနဲ့ အခွင့်အလမ်းများစွာ  ရရှိခဲ့သလို Professional ူ လမ်းကြောင်း ပေါ်လည်း ရောက်ရှိပြီးသားဖြစ်သွားပါတယ်။ တစ်နည်းအားဖြင့် Environment နဲ့ Aspiration ရလိုက် တာဟာ ကြီးမားတဲ့ အကျိုးကျေးဇူး တစ်ခုဖြစ်ပါတယ်။  

ဒုတိယ   အကျိုးကျေးဇူးကတော့ တိုက်ရိုက် မဟုတ်တဲ့ အကျိုးကျေးဇူးပါ။ ရုရှားနိုင်ငံမှာ ကျင့်သုံးနေတဲ့နိုင်ငံရေး စနစ်၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတာ တွေကို သင်ယူ လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ် ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာ ကတော့ ရုရှားနိုင်ငံမှာ ပညာသင်ကြားစဉ် ကာလအတွင်း  ထူးထူးခြားခြားသင်ယူ ရရှိခဲ့တဲ့ အကျိုးကျေးဇူးကတော့ ရုရှား လူမျိုးတွေရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ်ချစ်တဲ့ စိတ် အလွန်တရာတန်ဖိုးထားတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ တိုင်းရင်းသား လူမျိုးများစွာရှိပါတယ်။ တချို့တိုင်းရင်းသား တွေဟာ လူမျိုးမတူရုံတင် မဟုတ်ပါဘူး။

ရုပ်ရည်နဲ့ အသွင်အပြင်အရပါခြားနားကြ  ပါတယ်။ တချို့လူမျိုးတွေက တရုတ်၊ မွန်ဂိုလူမျိုးတွေရဲ့ မျက်နှာပေါက် အသွင်အပြင် ပုံစံမျိုးတွေရှိသလို၊  အာရပ်လူမျိုးဆင်ဆင် မျက်နှာအသွင်အပြင်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုအသွင်အပြင်မျိုး ဖြစ်ပါစေ မကွဲပြားတဲ့အချက်က သူ့နိုင်ငံနဲ့လူမျိုးအပေါ် ချစ်မြတ်နိုးတဲ့စိတ်ဓာတ်ပဲ  ဖြစ်ပါတယ်။ ရုရှားမှာ ပညာသင်ယူစဉ် ကာလအတွင်း  တိုင်းပြည်နဲ့လူမျိုးအပေါ် ချစ်မြတ်နိုးရမယ်ဆိုတာ ရုရှား ဆရာတွေ ရဲ့နှုတ်က   ကျွန်တော်တို့ကို ထုတ်ဖော် သင်ကြားပေးတာမျိုးတွေရှိသလို၊  အခအခွင့်သင့်တဲ့အချိန်မှာ တွေ့မြင် ခဲ့ရတဲ့ ရုရှားနိုင်ငံသားတွေရဲ့ နိုင်ငံနဲ့လူမျိုးအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကလည်း ကျွန်တော်တို့ နှလုံးသားထဲ အထိ စွဲမြဲမှတ်သားမိစေပါ တယ်။ အလားတူပဲ ရုရှားနိုင်ငံမှာ ပညာ သင်ကြားခဲ့တဲ့ကာလတစ်လျှောက် အချို့ သော နိုင်ငံကြီးများနဲ့မတူတဲ့ ထူးခြားတဲ့ အချက်တစ်ချက်ကတော့ ရုရှားမှာ ပညာ သင်ယူနေတဲ့ ကျွန်တော်တို့အပေါ် နိုင်ငံနဲ့ လူမျိုးအတွက် ဝိဝါဒကွဲပြားစေတဲ့အတွေး အခေါ်အယူအဆတွေ၊  နိုင်ငံရေးအရ ရေလိုက်လွဲစေနိုင်တဲ့  သို့လောသို့လော အကြောင်းအရာတွေကို သင်ခန်းစာတစ်ခု အနေနဲ့ပဲဖြစ်ဖြစ်၊ သင်ခန်းစာပြင်ပမှာ  အလွတ် သဘော ပြောဆို ဆွေးနွေးခြင်းကိုပဲ ဖြစ်ဖြစ် ပြောဆိုဆွေးနွေးခြင်း မရှိတာဘဲ ဖြစ်ပါတယ်။ ရုရှားဆရာ၊  ဆရာမ တွေရဲ့  နှုတ်က တူညီစွာထွက်လာတဲ့ နိုင်ငံနဲ့လူမျိုး ကိုချစ်မြတ်နိုးရမယ်ဆိုတဲ့ စကားကတော့ အခြားနိုင်ငံ တွေမှာ ပညာသင်ကြားရတာနဲ့ မတူတဲ့ ရုရှားနိုင်ငံမှာပညာသင်ကြားရခြင်းရဲ့ ထူးထူးခြားခြား အကျိုးအမြတ် တစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ရုရှားပြန် မြန်မာ့ တပ်မတော်သားတွေ အားလုံးနီးပါးမှာ တပ်မတော်ကို ချစ်တဲ့စိတ်၊ နိုင်ငံနဲ့လူမျိုးကို ချစ်တဲ့စိတ်ဓာတ်မျိုး တူညီ စွာရှိနေကြတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။ 

မေး။  ။  ဗိုလ်မှူးကြီးအနေနဲ့ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသေးလဲခင်ဗျာ။

ဖြေ။  ။ ဟုတ်ကဲ့။ အခုလို ရုရှားနိုင်ငံကို နှစ်စဉ်စေလွှတ်ပညာသင်ကြားစေခြင်းဟာ  တပ်မတော်အကြီးအကဲများရဲ့  နိုင်ငံနဲ့ လူမျိုးအပေါ်ထားရှိတဲ့ ကြီးမားတဲ့စေတနာနဲ့ အမြော်အမြင်ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်လာတဲ့ သူများ ကိုလည်း  တပ်မ တော်အကြီးအကဲများက တန်ဖိုးထား ချီးမြှောက်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါ တယ်။ ဒါကြောင့် မျိုးဆက်သစ်တပ်မတော် သားညီငယ်များကိုလည်း ငယ်စဉ်ကတည်းက ရည်ရွယ်ချက်ကြီး မားစွာထားပြီး အပတ်တကုတ်ကြိုးစားကြဖို့ အလေးအနက်ထား မှာကြားလိုပါတယ်။  မိမိတို့အနေနဲ့လည်း တပ်မတော် အကြီးအကဲများ အပေါ်ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ တပ်မတော်အကျိုး၊ နိုင်ငံနဲ့ လူမျိုးအကျိုးကို  တတ်စွမ်း သမျှ သယ်ပိုး ထမ်းဆောင်သွားမှာဖြစ်ပါကြောင်းပြောကြားလိုပါတယ်။   ။   

ဆောင်းပါးရှင်-မင်းမြတ်သုတအောင်(ချယ်ရီတက္ကသိုလ်)