လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏  စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃ဝ

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြော ကြားသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊  အမျိုးသား ကော်မတီဒုတိယ ဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသား ကော်မတီအဖွဲ့ဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးဝင်း မော်ထွန်း၊   ဒေါက်တာမြလေးစိန်နှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။

ရှေးဦးစွာ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက  လူမှု ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် ဆင်းရဲမှု လျှော့ချရေးကို အထောက်အကူပြုရုံသာမက လူသား အရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် '' ကိုယ်ဝန်ဆောင် မိခင် များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ ပေးရေးအစီအစဉ်'' ကို ၂ဝ၁၉-၂ဝ၂ဝ ၊ ဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေနှင့် နိုင်ငံတော်ရန်ပုံငွေ ပေါင်းစပ် ကာ'' ဧရာဝတီတိုင်းဒေသကြီး''နှင့် ''ရှမ်းပြည်နယ်''တို့တွင် တိုးချဲ့ဆောင်ရွက် နိုင်ခဲ့သည်ကိုလည်း တိုးတက်ဖြစ် ထွန်းမှု တစ်ရပ်အနေဖြင့် ရှုမြင်မိပါကြောင်း၊နောက်ထပ်မြင်တွေ့ခဲ့ရသည့်တိုးတက်မှု ဖြစ်ထွန်းမှုတစ်ခုမှာ ငွေကြေး အထောက်အပံ့ ပေးရေးအစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်သည့်နေရာ၌ "Electronic Cash Transferနည်းလမ်း''ကို အသုံးပြုပြီး ''ဧရာဝတီတိုင်းဒေသကြီး'' ''ရှမ်းပြည်နယ်'' နှင့် ''ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်''တို့တွင် စတင်စမ်းသပ်ဆောင်ရွက်လာနိုင်သည်ကို လည်းတွေ့ရှိရကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများပြုလုပ်သည့်နေရာ၌ ကနဦး ကာလတွင် အခက်အခဲများစွာတွေ့ကြုံရ နိုင်ကြောင်း၊ အဆိုပါအခက်အခဲများအပေါ် သင်ခန်းစာရယူကာ ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာအမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ''လူမှုရေး ပင်စင်အစီအစဉ်''နှင့် ''ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မ ှမွေးဖွားလာသော အသက် နှစ်နှစ် အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်''တို့ကို အကောင်အထည်ဖော် ဆောင် ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာအမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်းနှင့် အမြဲတမ်း အတွင်းဝန်  ဒေါ်နိုင်သက်ဦးတို့က သက် ဆိုင်ရာဌာနများအလိုက် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် (၇)ချက် ချမှတ်ကာ အတည်ပြုချက်ရယူသည်။

ထို့နောက် အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။