မှတ်သားဖွယ်ရာ စာစကားအလင်္ကာ

ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မြန်မာစာပေထွန်းကားမှုသည် အမြင့်ဆုံးသို့ရောက်ရှိသည်။ အထူးသဖြင့် ပြဇာတ်စာပေအရှိန်အဟုန်သည် မြင့်မောက်မို့တက်လာသကဲ့သို့ရှိသည်။ စလေဦးပုညနှင့် ဦးကြင်ဥ တို့သည် ခေတ်ပြိုင်စာဆိုများဖြစ်သည်။ ဦးကြင်ဥ၏ ဒေဝကုမ္ဘဏ်ပြဇာတ်နှင့် စလေဦးပုည၏ ဝိဇယပြဇာတ်တို့ကို မင်းတုန်းမင်းရှေ့တွင် ယှဉ်ပြိုင်ဖတ်လျှောက်စေရာ ဒေဝကုမ္ဘဏ်ပြဇာတ်သည် တုတ်တုတ်တိုတို အပိုအလိုမရှိ  ထိမိသိပ်သည်း စည်းစနစ်ကျပေသည်။  ပြဇာတ်ရေးမှုတွင်  စံတင်သင့်ပေသည်ဟု မင်းတုန်းမင်းက မိန့်ကြားခဲ့ ကြောင်းမှတ်သားရသည်။

ဦးကြင်ဥ၏ ပြဇာတ်များအနက် ဒေဝကုမ္ဘဏ်ပြဇာတ်သည် မြန်မာအဆန်ဆုံးပြဇာတ်၊ အကောင်းဆုံး ပြဇာတ်ဖြစ်သည်ဟူ၍ နှောင်းခေတ်ပညာရှင်တို့က သတ်မှတ်ကြသည်။ ဒေဝကုမ္ဘဏ်ပြဇာတ်၏ ဆိုလိုရင်း သည် ဗြဟ္မစိုရ်တရား၏ဂုဏ်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ မာန်မာနနှင့်ဗြဟ္မစိုရ်တရားတို့ အားပြိုင်ကြရာ တွင် ဗြဟ္မစိုရ်တရားကအနိုင်ရပုံကို ရေးဖွဲ့ထားသည်။ ဤပြဇာတ်တွင် မဟာရောဇမင်းသားသည် ငယ်စဉ် ကပင် ဘီလူးမ၏ မွေးစားသားဖြစ်ရပြီး “ဒေဝကုမ္ဘဏ်” အဖြစ် ဘီလူးစိတ်ဝင်နေသည့်အတွက် ကြမ်း ကြုတ်ခက်ထန်နေသည်။ ညီတော်သံရောဇ မင်းသားကိုပင် ညီမှန်းမသိတော့။ ညီဖြစ်သူအား သတ်မည့် ဆဲဆဲတွင် သိကြားမင်းက ဗြဟ္မစိုရ်စလွယ်ဝတ်ဆင်ပေးလိုက်မှ လူစိတ်ပြန်ဝင်သည်။ ညီကို ညီမှန်းသိသွားကာ ညီနှင့်အတူ ရသေ့ရဟန်း ပြုသွားသော ဇာတ်လမ်းဖြစ်သည်။

ကုန်းဘောင်ပြဇာတ်များတွင် ဇာတ်ဆောင်တို့၏ ပြောစကားများမှာ ကာရန်နဘေနှင့်ဖြစ်၍ ဖတ်ရှုသူအဖို့ ကြည်နူးခြင်းဖြစ်ကြရသည်။ ဗဟုသုတသြဝါဒ အဆုံးအမများကို အခါအားလျော်စွာထည့်သွင်းထားသည့် အတွက် လူငယ်လူရွယ်တို့အတွက် မှတ်သားလို့မဆုံးဖြစ်ရသည်။ ဆိုင်းဆင့်ပတ်တိုက် ဇာတ်သီချင်းများ စုံလင်စွာပါရှိသည့်အတွက် ယနေ့တိုင် သုံးမကုန်နိုင်သော စာပေအမွေအနှစ်လည်းဖြစ်သည်။ ဒေဝကုမ္ဘဏ် ပြဇာတ်၏ တစ်နေရာတွင် ဘီလူးမ လူယောင်ဆောင်၍ မဟာရောဇမင်းသားကို ခိုးယူခန်းတွင် ဘီလူးမ၏ စကားသံကို “မာယာကလေးဆယ်၊ ပရိယာယ်တစ်ထောင်၊ အယောင်ဆောင်တစ်သောင်း၊ အပျောင်းမှာ တစ်သန်း၊ အဆန်းနှင့်အယဉ်မှာ အသင်္ချေပကောဋိ၊ ကြာကြာဝါးမှ ခါးမှန်းသိရမယ်၊ အပလီ့ပဂေး၊ မှန်နန်းစံ လက်ရွေး၊ မင်းမဟော်ကျေးကဲ့သို့၊ အတွေးနှင့်အခေါ်၊ အမြော်နှင့်အမြင်၊ ဆင်ခြင်နှိုင်းထောက်၊ ခန့်တိုင်းလည်း ပေါက်ပေငဲ့၊ ဉာဏ်ကောက်ကိုဖြောင့်၊ ဉာဏ်ထောင့်ကိုဖြတ်၊ ဉာဏ်ကပ်ကိုခွာ၊ လိမ္မာလျှင် ကွေ့လည်၊  ယင်းသို့ သော ဉာဏ်ရည်နှင့်...” ဟူ၍ ရေးဖွဲ့ထားသည်။

စလေဦးပုညရေးဖွဲ့ထားသည့် ဝိဇယပြဇာတ်မှာလည်း မင်းတုန်းမင်းကြီး၏အမြင်တွင် ဒုတိယနေရာ၌ ရှိနေသော်လည်း စာသားလင်္ကာရေးဖွဲ့မှုမှာ ဆန်းသစ်လှပေသည်။ ရှေးက မြန်မာစာဆိုများသည် ထိုခေတ် ကာလက နန်းတွင်းရေးကိုထင်ဟပ်စေသော စာပေရေးသားမှုပြုကြသည်။ တိမ်းယောင်ယောင်ရှိနေသော အခြေအနေကို တည့်မတ်အောင် အရိပ်အခြည်ပြရေးသားခြင်းမျိုး ပြုကြသည်။ မင်းတုန်းမင်းလက်ထက်တွင် ညီတော်နှင့် သားတော်များ ပဋိပက္ခကြီးမားသည်။ မြင်ကွန်းမင်းသားအပါအဝင် မင်းတရားကြီး၏ သားတော် အချို့တို့ လွန်စွာဆိုးသွမ်းရင်းရှိကြသည်။ ဤအခြေအနေကိုထိန်းသိမ်းရန်အတွက် စလေဦးပုညသည် “ဝိဇယ” ပြဇာတ်ကို ရေးသားဆက်သွင်းခြင်း ဖြစ်သည်။

ပြဇာတ်တွင် မင်းကြီးက ဆိုးသွမ်းလှသော သားတော်ဝိဇယမင်းသားကို တိုင်းပြည်မှ အဝေးသို့နှင်ထုတ် လိုက်သည်။ ဝိဇယမင်းသားက ပင်လယ်ခရီးထွက်လာပြီး ကျွန်းတစ်ကျွန်းပေါ်သို့ရောက်ရှိသည်။ ထိုကျွန်းမှာ လင်္ကာဒီပကျွန်းဖြစ်သည်။ ထိုကျွန်းပေါ်တွင် မင်းသားနှင့် အဖွဲ့လှည့်လည်ကြည့်ရှုသည်။ ကျွန်း၏ အလယ် ဗဟိုသို့ရောက်ရှိစဉ် မင်းသားပြောဆိုသော စကားများကိုရေးဖွဲ့ရာတွင် “နှင်းသောက်တဲ့မြိုင်၊ ညှာသွယ်ဆင့် တန်း၊ နာမယ်ဖြင့်ဆန်းပေလိမ့်၊ ဘယ်ပန်းခိုင်လို့ သိနိုင်တတ်ပြီ၊ မငုံတချို့၊ ငုံတချို့နှင့်မှုန်လို့စီ၊ ရာသီလင့်ဟန် ရှိကြတယ်။ ယူသယ်ဝတ်ရက် လေချိုသိမ်းဖွဲ့၊ စိမ်းလဲ့လဲ့နှင့်၊ နွဲ့ပန်းခက်မှာ၊ ငှက်ဖြင့်ငှက်ပဲ၊ သာရကာလား၊ တမာလား၊ ဘွဲ့ခြားလို့ခွဲနိုင်ဘူး၊ ယဉ်နဲကပို၊ ထုံဝတ်လွှာမွှေး၊ ဆုတ်ကာနွေး၊ ညာကြွေးကြော်လို့၊ ဖော်တစ်ကိုယ် ခေါ်သလိုထင်လိုက်ပါဘိတယ်။ ပယ်တစ်ခွင်းစာ၊ လယ်ခွင်းသာမှာ၊ စာမရီလို၊ ဧဏီလို၊ ကိုယ်ခပ်ဖိုင့်ဖိုင့်၊  ခရာပိုပို၊ ဘာလိုလို၊ ချိုဝိုင့်ဝိုင့်နှင့်၊ ဂနိုင့်ကျက်သရေ၊ မြက်ခင်းလဲ့လဲ့၊ နှင်းတွဲ့တွဲ့မှာ၊ သင်းဖွဲ့လို့နေကြတယ်။ ရံရွေတညီ၊ နေရီရီမှာ၊ ပွေပလီများတာမို့၊  သနားစဖွယ်ရှိလှတယ်” ဟူသော ရေးသားချက်မှာ မှတ်သား အတုယူဖွယ်ကောင်းလှပေသည်။ လေ့လာလိုက်စား၍ မကုန်နိုင်သော မြန်မာစာပေအမွေအနှစ်ကို လူငယ် မောင်မယ်များ  ချစ်ခင်မြတ်နိုးကြရန်  တိုက်တွန်း ရေးသားလိုက်ရပေသည်။    ။