၂၀၂၁ ခုနှစ်အတွက် မင်္ဂလာနှစ်သစ်ဆုတောင်း စကားသံများ

၂၀၂၀ ပြည့်နှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသည့် အချိန်ကာလနှင့် ပတ်သက်ပြီး နိုင်ငံတစ်ဝန်းရှိ စာဖတ်ပရိသတ်များအတွက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌများ၊ အနုပညာရှင်များနှင့် အားကစားနယ်ပယ် အသီးသီးမှ ထင်ရှားသူများ၏ နှစ်သစ်ကူးဆုတောင်း စကားသံများကို စုစည်း ဖော်ပြပေး လိုက်ပါသည်။

ဦးသန့်စင်လွင် (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်)

၂၀၂၁ ခုနှစ် နှစ်သစ်ကူး အခါသမယမှာ  မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့  ပြည့်စုံကြပါစေ။  ဘေးဘယာ ကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ COVID-19 ရောဂါဘေးကလည်း ကင်းဝေးကြပါစေ။ ကျွန်တော်တို့ ဌာနအနေနဲ့  မြန်မာနိုင်ငံသူ၊  နိုင်ငံသား အလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ဖို့  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ဖိတ်ခေါ်ဆောင်ရွက်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင်၊ လူမှုရေးအရ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းတွေ ဖြစ်ပေါ်လာရေးအတွက်လည်း အားပေးဆောင်ရွက်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေရာစုံ၊ ထောင့်စုံက ပါဝင်မှုပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြသူ အားလုံးလည်း နှစ်ဟောင်းမှာ တွေ့ကြုံရတဲ့ အဆိုးတွေကို ကျော်လွှားပြီး နှစ်သစ်မှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှု တွေ ရရှိနိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဦးနောင်းနောင်းဟန်

(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)

COVID-19 ရောဂါအခြေအနေကြောင့်  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အနေနဲ့ ခရီးသွားလုပ်ငန်းတွေ အကုန်လုံး ရပ်ဆိုင်းခဲ့ရတဲ့အတွက် ၂၀၂၁  ခုနှစ်မှာ  ပြည်သူတွေ   စည်းကမ်းတကျနဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်ကြပြီး ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

ထပ်ဆင့်အကယ်ဒမီ ရန်အောင်

(သရုပ်ဆောင်)

ပြည်သူအားလုံး  မင်္ဂလာပါခင်ဗျာ။  ၂၀၂၁  ခုနှစ် နှစ်သစ်မင်္ဂလာမှာ  ပြည်သူအားလုံး၊  အနုပညာချစ်ပရိသတ်တွေ အားလုံး ရောဂါဘယတွေ ကင်းဝေးပါစေ။ သဘာဝဘေးအန္တရာယ်ကနေလည်း ကင်းဝေးပါစေ။  ကပ်ရောဂါအပေါင်းကလည်း   လွတ်ကင်းနိုင်ကြပါစေ။   စီးပွားရေး၊   လူမှုရေး၊  ကျန်းမာရေးအားလုံး အစစအရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေး ပါတယ်။

အောင်လအန်ဆန်

(MMA  ကစားသမား)

၂၀၂၀ ပြည့်နှစ်က ကျွန်တော့်အတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ပါပဲ။ အနိမ့်အမြင့်အတက်အကျတွေ များခဲ့တယ်။ နှစ်အစပိုင်းမှာ ကျွန်တော့်ရဲ့ သမီးလေးမွေးတယ်။ ဒါက ကျွန်တော့်မိသားစုအတွက် ကံကောင်းခြင်းလက် ဆောင်ပါပဲ။ ဒါပေမဲ့ ဒီနှစ်မှာ ကပ်ရောဂါနဲ့ ကြုံရတယ်။ ကျွန်တော့်ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲမှာ ရှုံးနိမ့်ပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရတယ်။

၂၀၂၀ ပြည့်နှစ်က ကျွန်တော့်အတွက် အကောင်းဆုံးနှစ်တော့ မဖြစ်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်မှာတော့ ပြီးခဲ့တဲ့ အရာတွေအားလုံးကိုထားခဲ့ပြီး     ပြိုင်ပွဲတိုင်းကို အကောင်းဆုံးကစားနိုင်ဖို့    အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံကို  ပြန်လာပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ အမြန်ဆုံးတွေ့ချင်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး  ရောဂါကင်းဝေးပြီး  ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ဦးမျိုးမြင့် (ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဝင်အားလုံး ကျန်းမာချမ်းသာကြပြီး အရောင်းအဝယ်တွေ ကောင်းကြပါစေ။ ပြည်သူအားလုံးလည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ အလုပ်အကိုင်တွေ ကောင်းမွန်ကြပါ စေလို့ မေတ္တာပို့ဆုတောင်းပေးပါတယ်။

၂၀၂၀ ပြည့်နှစ်ကတော့ တော်တော်ကိုထူးထူးခြားခြား ဖြစ်တာတွေ အများကြီးပဲ။ အဓိကကတော့ COVID-19 ရောဂါကြောင့် ကုန်ဈေးနှုန်းတက်လာတာတွေ ရှိတယ်။ ဆိုင်တွေပိတ်လိုက်ရတာတွေ ရှိတယ်။ လုပ်ငန်းတွေ ရပ်နားရတာတွေ ရှိတယ်။ ၂၀၂၀ ပြည့်နှစ်ကတော့ လုပ်ငန်းတွေ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်သွားပါတယ်။ ၂၀၂၁ ခုနှစ်ကတော့ အားလုံး ရောဂါဘယတွေ ကင်းရှင်းသွားလောက်ပါပြီ။ အဲဒီမှာ အရောင်းအဝယ်တွေ ပြန်ကောင်းအောင် ကြိုးစားရမယ့် အပိုင်းပဲ ရှိပါတယ်။ ထုတ်လုပ်မယ့် အပိုင်းတွေကတော့ အကုန်လုံးပုံမှန်ပြန်ပြီးတော့ ထုတ်နိုင်ပါတယ်။ ဝယ်ယူတဲ့ ပြည်သူတွေကတော့  ငွေရေးကြေးရေးပြန်ပြီး အဆင်ပြေအောင်၊ လုပ်ငန်းတွေ  ပုံမှန်ပြန် ဖြစ်လာအောင်  ဆုတောင်း ပေးပါတယ်။ တကယ်လို့ ဈေးကွက်တွေ  တည်တည်ငြိမ်ငြိမ် မရှိသေးရင်  ရွှေအရောင်းအဝယ် ကောင်းမှာ မဟုတ်ပါဘူး။  ဒါကြောင့် ဈေးကွက် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သားပြည်သူအားလုံး သာယာဝပြောဖို့ ဆုတောင်း ပေးလိုက်ပါတယ်။

 

ဒေါက်တာမြင့်စိန် (မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ)

မြန်မာနိုင်ငံသူ၊  နိုင်ငံသားအားလုံး  ၂၀၂၁  ခုနှစ် နှစ်သစ်ကစပြီး   ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေအားလုံး ပြည့်စုံကြပါစေ။  စီးပွားလာဘ် လာဘတွေလည်း ဒီရေအလားတိုးတက်ကြပါစေ။ COVID-19 ရောဂါဘေးမှလည်း အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

 

ယဉ်လတ် (သရုပ်ဆောင်)

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ၂၀၂၁ ခုနှစ် နှစ်သစ်က နေစပြီးတော့ စီးပွားရေးတွေ ပြန်လည်ကောင်းမွန်ပါစေ။ ရောဂါဘယ တွေလည်း ကင်းဝေးကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။ စီးပွားရေးတွေက ဒီနှစ်ထဲမှာ ဆုံးရှုံးမှု တွေအများကြီး ရှိကြပါတယ်။  မကြာမီအချိန်အတွင်းမှာ အလုပ်အကိုင်တွေ အမြန်ဆုံးပြန်လည် ကောင်းမွန်လာပြီးတော့ စီးပွားလာဘ် လာဘတွေ တိုးပွားလာကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။ မိသားစုတွေနဲ့ အဝေးမှာ နေပြီး  ကျန်းမာရေး လုပ်ငန်းတွေ  ဆောင်ရွက်နေတဲ့ ဆရာဝန်တွေ၊  ကျန်းမာရေးဝန်ထမ်းတွေ အားလုံးနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးလည်း ကျန်းမာပြီး သူတို့မျှော်မှန်းထားတဲ့ ရောဂါကင်းစင်တဲ့နေ့ကို   အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

သက်ထားသူဇာ (မြန်မာ့လက်ရွေးစင်ကြက်တောင်မယ်)

မင်္ဂလာပါ။  မြန်မာနိုင်ငံသူ၊  နိုင်ငံသားအားလုံးပဲ ဘေးရန်ကင်းစွာ ရှိနေကြမယ်လို့    မျှော်လင့်ပါတယ်။ အားလုံးပဲ COVID-19  ကပ်ရောဂါ ကာလအတွင်းမှာ ကျန်းမာအောင် ဂရုစိုက်ကြပါ။ ဘေးကင်းအောင်နေကြပါ။ အချင်းချင်း အားပေး ကူညီရင်း ဒီလိုခက်ခဲတဲ့ ကာလကြီးကို ဖြတ်သန်းနိုင်ကြပါစေ။ စီးပွားလာဘ်လာဘတွေလည်း တိုးတက်ကြပါစေ။ လာမယ့် ၂၀၂၁ ခုနှစ် နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်၊ လူသစ်နဲ့ ကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒတွေ ပြည့်စုံပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။