ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးတွေ့လူနာသစ် တစ်ဦး ထပ်တိုး

နေပြည်တော်   သြဂုတ်  ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ်တစ်ဦး ထပ်တိုးကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၁၅-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ စစ်ဆေးပြီးစီးခဲ့သော (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ  ၁၄၅ ခုနှင့်  ရန်ကုန်မြို့အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈ဝ ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၂၂၅ ခုတွင် COVID-19  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိပါ။

(၁၅-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ  (ပထမ+ဒုတိယအသုတ်)ဓာတ်ခွဲနမူနာ ၈၉၄  ခု၊  ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၂ ခု၊ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)( PHL, Mandalay)မှ ဓာတ်ခွဲနမူနာ ၂၁ဝ  ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၃၁၄ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် -၁ဝဝဝ မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈ဝ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၆၁ဝ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

(၁၆-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၃၇၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၅ ခုနှင့် ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှဓာတ်ခွဲနမူနာ ၁၄၅ ခု စုစု ပေါင်း ၆၃၄ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ်တစ်ဦး တွေ့ရှိရသည်။

(၁၆-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၅ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူငါးဦး (Case-332, 334, 335, 354 နှင့် 355) ရှိသဖြင့် ယနေ့အထိ COVID-19  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၂၉ ဦးရှိပြီဖြစ်သည်။ ၎င်းတို့အနက် ၃၂၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။ (၁၅-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီမှ (၁၆-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာအသစ် ၁၉ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။