ဟားခါးမြို့နယ် ဘုံဇုံးဒေသ၌ ဘိလပ်မြေစက်ရုံ (တန်-၅ဝဝဝ)တည်ဆောက်နိုင်ရေးဆွေးနွေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှု စစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ဟားခါးမြို့ View  Point သို့ရောက်ရှိပြီး ဟားခါးမြို့ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို ကြည့်ရှုသည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့်   လေအွမ်(ခ)ကျေးရွာသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဓာတ်သတ္တု ရှာဖွေရေး၊ စမ်းသပ် တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးလုပ်ငန်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက်  Brick  Mountain  Industrial  Company   Limited မှ ဘူမိဗေဒပညာရှင်  ဦးသိန်းဆင့်က ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံးဒေသ Lungrang  Klang  တောင် ထုံးကျောက် တူးဖော် ထုတ်လုပ်ရေးနှင့် ဘိလပ် မြေစက်ရုံ(တန်-၅ဝဝဝ) တည်ဆောက်နိုင်ရေး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြပြီး MICEG (Chin Chapter) မှ ဦးငွန်ဆန်းအောင်က ရီးဗားချောင်းကူးတံတား တည်ဆောက် ပြီးစီးမှု အခြေအနေများကို ရှင်းတင်းတင်ပြသည်။

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍  ဒုတိယသမ္မတက နိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်ကို နိုင်ငံခြားငွေ သုံးစွဲ၍ ပြည်ပမှ ဝယ်ယူ တင်သွင်းနေရကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဖွံ့ဖြိုးရေးလုပ်ငန်း များလည်း ပိုမိုလုပ်ဆောင်လာကြမည်ဖြစ်သည့် အတွက် နိုင်ငံ၏ ဘိလပ်မြေလိုအပ် ချက်သည် ပိုမိုမြင့်မား လာမည် ဖြစ်ကြောင်း၊ ယခု ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် နေရာသည် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဆုံရပ် တွင်တည်ရှိသဖြင့် ယင်းဒေသများအတွက် ဘိလပ်မြေအသုံးပြုနိုင်ရန် သယ်ယူပို့ဆောင် စရိတ်ကုန်ကျမှုသက်သာခြင်း၊ သက်သာ သည့် ငွေကြေးဖြင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမို ဆောင်ရွက် လာနိုင်မည်ဖြစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်း စသည့် တိုက်ရိုက်အကျိုးကျေ ဇူးများ ရရှိ လာမည်ဖြစ်ကြောင်း။

ဘိလပ်မြေ စက်ရုံအား ပထမအဆင့် တန်-၅ဝဝဝ ကျတည်ဆောက်မည်ဖြစ်ပြီး ဒုတိယအဆင့် တန်-၅ဝဝဝ ကျ ဆက်လက် တည်ဆောက်ပြီးပါက နေ့စဉ် တန်-၁ဝဝဝဝ ထုတ်လုပ်နိုင်မည်ဖြစ်သည့် အတွက် ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရုံသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်မည်ဖြစ်၍ နိုင်ငံခြားငွေ ရရှိနိုင် မည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းများ အနီး အနားတွင် အလွယ်တကူ ရရှိနိုင်ပြီး ဒေသ ဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုနိုင်မည့် ဘိလပ်မြေစက်ရုံ အလျင်အမြန် အကောင်အထည်ဖော် တည်ဆောက် သွားနိုင်ရေး  ဝိုင်းဝန်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူ ဒေါ်ထောင် ပဲင်က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာရဲမြင့်ဆွေနှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ် ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ဆက်လက်၍ ဒုတိယ သမ္မတသည် ဘုံဇုံး ကျေးရွာခန်းမ၌ ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။