အထည်ချုပ် လုပ်ငန်းများ ကုန်ကြမ်းမျှ၍ ချုပ်လုပ်နေရပြီး အော်ဒါရရှိမှုလည်း တိုးတက်ခြင်း မရှိသေး

လက်ရှိတွင် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းမျှ၍ ချုပ်လုပ်နေရပြီး ယခုလအတွက်သာ ချုပ်လုပ်ရန် အော်ဒါရှိနေကာ လာမည့်လအတွက် အော်ဒါရရှိမှု မရှိသေးကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးထွန်းထွန်း ၏ပြောဆိုချက် အရ သိရသည်။

''လက်ရှိအချိန်ထိတော့  ကျွန်တော်တို့ စက်ရုံအချင်းချင်း ကုန်ကြမ်းမျှပြီး ချုပ်နေကြတယ်။  အခုလိုမျှပြီး လုပ်ကိုင်နေရတဲ့ အတိုင်းအတာ ကုန်သွားရင်တော့ ဘယ်လိုဆက်ဖြစ်မလဲ မပြောတတ်သေးဘူး။ အခုအချိန်ထိတော့ အော်ဒါရရှိမှု တိုးတက်လာတာ မရှိသေးဘူး'' ဟု ဦးထွန်းထွန်း ကပြောသည်။

လတ်တလောတွင်   ယခင်အော်ဒါ အဟောင်းများကိုသာ ချုပ်လုပ်နေခြင်းဖြစ်ပြီး COVID-19  ရောဂါအခြေအနေကြောင့် ကုန်ချောဝယ်ယူသည့်    အမေရိကန်နှင့် ဥရောပနိုင်ငံများ၏   ကျဆင်းသွားသည့် စီးပွားရေး လုပ်ငန်းများတွင် ဖက်ရှင်လုပ်ငန်းများလည်း ပါဝင်ရာ အခက်အခဲ ပိုမိုများပြားနိုင်ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီက ကုန်ချောဝယ်ယူတဲ့ နိုင်ငံတွေကလည်း COVID-19 ရောဂါကို မထိန်းချုပ်နိုင်သေးတော့ အဲဒီဘက်က ဝယ်နိုင်တဲ့ ကုမ္ပဏီတွေကလည်း ချက်ချင်း တော့မဝယ်ကြသေးဘူး။ ကျွန်တော်တို့တောင်မှ အခုအချိန်ထိ အကန့်အသတ်နဲ့  နေရသေးတာဆိုတော့ အထည်ချုပ်လုပ်ငန်းတင် မကဘူး၊ တခြားလုပ်ငန်း အားလုံးချက်ချင်းတော့  ပြန်ပြီး နာလန်မထူနိုင်သေးပါဘူး'' ဟု ဦးထွန်းထွန်း ကပြောသည်။

ပြည်တွင်း၌  အထည်ချုပ်လုပ်ငန်းကို လက်ခစားစနစ်ဖြင့်   အဓိက လုပ်ကိုင်နေ ခြင်းဖြစ်ရာ လေးလခန့်အချိန်ယူ၍ စာချုပ်များချုပ်ဆိုကာ  အော်ဒါများ လက်ခံရလေ့ ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ချုပ်လုပ်နေသည့် အထည်ချုပ်လုပ်ငန်းများ၏ ၉ဝ ရာခိုင်နှုန်းကျော်မှာ ပြည်ပအော်ဒါများကို လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေခြင်းဖြစ်ကာ ကုန်ကြမ်းအများစုကို ပုံမှန်နီးပါး လုပ်ငန်းပြန်လည်စတင်နိုင် ပြီဖြစ်သည့် တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ် သော်လည်း  ဝယ်လက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၌  COVID-19 ရောဂါ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ဝယ်လိုအား ကျဆင်းကာ အော်ဒါရရှိမှု  နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။