မိုးမြေပဲများနုတ်သိမ်းခြွေလှေ့စက် အငှားလိုက်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ယခုအခါမိုးမြေပဲများ နုတ်သိမ်းလျက်ရှိရာ လူအားဖြင့်  မြေပဲဆွတ် ခေါ်ယူအသုံး မပြုကြတော့ဘဲ မိုးလေ ကင်းလွတ်စေရန် စက်များဖြင့် ခြွေလှေ့နေကြသောကြောင့် ခြွေလှေ့စက် အငှားလိုက်သူများ  အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် အတွင်း၌ မိုးမြေပဲများကို ကဆုန်လဆန်းတွင် စတင်စိုက်ပျိုးကြပြီး မိုးဦးကျက မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် တောင်သူများ  စိုက်ပျိုးရာသီအစတွင် အဆင်ပြေကြသော်လည်း မိုးလယ်ကာလ မတ်လမှစ၍ ဧပြီတစ်လလုံးနီးပါး မိုးရွာသွန်းမှု နည်းပါးသွားသဖြင့် ဒေသအချို့တွင် နှမ်းသီးနှံများ ပျက်စီးခဲ့သည်။ ထို့အတူ မိုးမြေပဲများ  ဒေသအခေါ်  အစွယ်ချချိန် မိုးရွာသွန်းမှုနည်းပါးပြီး အသီးအားယူချိန်တွင် မိုးပြတ်သွားသဖြင့် အပင်သန်ကာ အသီးပါသော်လည်း မြေပဲအဆန်ပါဝင်မှု နည်းပါးကာ အောင်မြင်ဖြစ်ထွန်းမှု နည်းခဲ့ကြောင်း၊ သို့သော် သီးနှံပေါ်ချိန်ဖြစ်သည့် နှမ်းထောင်၊ နှမ်းခါချိန်နှင့် မြေပဲနုတ်ချိန်တို့တွင် အညာဒေသ၌ မိုးရွာသွန်းတတ်သည့်အတွက်   မိုးလေကင်းလွတ်စေရန် မြေပဲစိုက် တောင်သူများက ခြွေလှေ့စက်များ အသုံးပြုလာကြသဖြင့် မြေပဲခြွေလှေ့စက် အငှားလိုက်သူများ အဆင်ပြေလျက်ရှိသည်။

''ပဲဖော်ချိန်ဆိုတော့ အလုပ်ကတော့ နေ့စဉ်လိုက်နေရတာပါပဲ။ ဒါပေမဲ့  ဒီနှစ် မိုးမကောင်းတော့ ပဲသိပ်မရကြဘူး။ မနှစ်က ဒီအချိန်ဆို တစ်နေ့ကို တင်း ၂ဝဝ ကျော်ခြွေရတယ်။ ဒီနှစ်ကတော့ တစ်နေ့မှတင်း၁ဝဝ လောက်ပဲ ခြွေရတယ်။ ပဲမကောင်းတော့ တစ်နာရီမှ ၁၈ တင်းပဲ ကျတယ်။

ပဲကောင်းရင်တော့ တစ်နာရီကို ၃၅ တင်းလောက်ကျတယ်။ ဝင်ငွေအနေနဲ့ကတော့ တစ်နေ့ကို ငွေကျပ် ခုနစ်သောင်းလောက် ရပါတယ်''ဟု ကန်နီကျေးရွာမှ ခြွေလှေ့စက်အငှားလိုက်သူ ကိုကျော်လင်းခိုင်က ပြောသည်။

အဆိုပါခြွေလှေ့စက်ဖြင့် မြေပဲ၊ စပါးနှင့် ပဲစင်းငုံသီးနှံများကို ခြွေလှေ့နိုင်ပြီး မြေပဲခြွေလှေ့ရာတွင် ပဲရိုးတခြား၊ ပဲရွက်မှော်တခြားနှင့် မြေပဲတောင့်များကို သဲသန့်စင်ပြီးထွက်ရှိသဖြင့် တောင်သူများက လှည်းပေါ်တင်၍ သယ်ယူသွားရန်သာ ရှိသောကြောင့် စက်ဖြင့် အငှားခြွေလှေ့ခြင်းများ တွင်ကျယ်နေခြင်း ဖြစ်ကြောင်း သိရသည်။