ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ တရားမဝင်ခဲသတ္တုနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်   သြဂုတ်  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်စန်းယု(ဘ) ဦးခင်မောင်စီနှင့် ၎င်းရပ်ကွက်၌ အိမ်ငှား ဖြင့်နေထိုင်သည့် ဦးဇော်မင်းစိုး(ဘ) ဦးတင်အေးတို့၏ နေအိမ်များသို့   သတင်းအရ သွားရောက် စစ်ဆေးရှာဖွေရာ ဒေါ်စန်းယု၏ နေအိမ်မှ တရားမဝင်ခဲသတ္တု ၁၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁  သိန်းခွဲ)နှင့် ဦးဇော်မင်းစိုး၏ နေအိမ်မှ တရားမဝင်ခဲသတ္တု ၆၅ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆ သိန်းခွဲ)၊ Vigo    အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး၊ ခဲသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်  ၂၅ ကောင် အင်ဂျင်တစ်လုံး၊  ရေစုပ်ပန့်တစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ တရားမဝင်ခဲသတ္တုများနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ် တစ်စီးတို့အား ပလောက်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။