နောက်ဆုံး ၁၇ ပွဲမှာ တစ်ပွဲပဲရှုံးခဲ့တဲ့ လိုက်ပဇစ်ကို ပီအက်စ်ဂျီနိုင်ဖို့မလွယ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ထင်မထားတဲ့ လိုက်ပဇစ်နဲ့ လိုင်ယွန်တို့ တက်ရောက်လာပါတယ်။ သြဂုတ် ၁၈ ရက်ညမှာ၂၀၀၉ ခုနှစ်ကမှ အသင်းစတင်ထူထောင်ခဲ့တဲ့ လိုက်ပဇစ်အသင်းက   ချန်ပီယံဖြစ်ဖို့  ရေပန်းစားနေတဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရပါတော့မယ်။ အသင်းသက်တမ်း ၁၁ နှစ်မှာ ဘောလုံးလောကရဲ့  အဆင့်အမြင့်ဆုံး ချန်ပီယံလိဂ်ပွဲကြီးရဲ့ ဗိုလ်လုပွဲကိုရောက်ဖို့  ခြေတစ်လှမ်းအလိုရောက်လာတဲ့    လိုက်ပဇစ်က မထင်မှတ်တာတွေ လုပ်ဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

COVID-19 ရောဂါကြောင့် အခက်အခဲများစွာ ဖြစ်တည်ခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပွဲတွေကလည်း ကွာတားဖိုင်နယ် အဆင့်ကစလို့   ပေါ်တူဂီနိုင်ငံမှာ  သွားကစားရပြီး    မထင်မှတ်ဘဲ   အသင်းကြီးတွေ  ရှုံးပွဲကြုံသွားတာကိုလည်း  ပရိသတ်တ ွေတွေ့ကြရမှာပါ။ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့တာကြောင့် ဗိုလ်လုပွဲမှာ ဂျာမန်နှစ်သင်းပဲ ထိပ်တိုက်တွေ့မှာလား၊ ပြင်သစ်နှစ်သင်းပဲ ထိပ်တိုက်တွေ့မှာလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလွန်းနေတယ်။ ပီအက်စ်ဂျီက ဒီပွဲမှာ အသင်းကြီး ဖြစ်ပေမယ့် သူတို့က အတ္တလန္တာနဲ့ပွဲမှာ  မိနစ် ၉၀ ရောက်မှ ချေပဂိုးရပြီး ထပ်ဆောင်းအချိန်ပိုရောက်မှ အနိုင်ဂိုးသွင်းနိုင်ခဲ့တာကြောင့်   ကံကောင်းပြီး ဒီအဆင့် ရောက်လာတဲ့အတွက် လိုက်ပဇစ်နဲ့ ပွဲမှာလည်း လွယ်ကူဖို့တော့မရှိပါဘူး။   ဒါပေမဲ့   ကစားသမားအင်အားအရ ပီအက်စ်ဂျီက ဒီပွဲမှာ အသာစီးရနိုင်ပါတယ်။ နေမာနဲ့ အမ်ဘပ်ပီတိုက်စစ်အတွဲက တားဆီးရခက်လွန်းလို့ ဒီလိုအနေအထား ဖြစ်လာတာ မဆန်းပါဘူး။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ ၃၃ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့အသင်းပါ။ လိုက်ပဇစ်ကလည်း ချန်ပီယံလိဂ်နောက်ဆုံး ၁၅ ပွဲမှာ ၁၃ ပွဲကို ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးမပေးခဲ့ရတဲ့ ပွဲကလည်း သုံးပွဲသာရှိခဲ့တဲ့အတွက် ဒီပွဲမှာလည်း နှစ်သင်းစလုံး   သွင်းဂိုးတွေ များပါလိမ့်မယ်။  ပီအက်စ်ဂျီကလည်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့် နောက်ဆုံး ပွဲ ၂၀ မှာ ၁၇ ပွဲကို ဂိုးတွေပေးခဲ့ရတာကြောင့် လိုက်ပဇစ်လိုအသင်းကို ဂိုးပေးရနိုင်မယ်လို့ တွက်ဆမိတာ ဖြစ်ပါတယ်။

လိုက်ပဇစ်က ကွာတားဖိုင်နယ်မှာ အက်သလက်တီကိုအသင်းကို ကျော်ဖြတ်ခဲ့သလို မတ်လတုန်းက စပါးကို နှစ်ကျော့ပေါင်း  လေးဂိုးပြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်လာပြီး ဒီရာသီချန်ပီယံလိဂ် ရှုံးပွဲဆိုလို့ လိုင်ယွန်နဲ့ တစ်ပွဲပဲ ရှိခဲ့တယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၁၇ ပွဲမှာ လိုက်ပဇစ်က တစ်ပွဲသာရှုံးခဲ့လို့ ဒီပွဲမှာ ဂိုးအများအပြင် လိုက်ပဇစ်ကိုပါ အကြိုက်တွေ့မိပါတယ်။