မြင်စိုင်းနန်းဦး စေတီတွင် ရှေးဟောင်းဇာတ်တော်စဉ့်ကွင်းများနှင့်  စဉ့်ကွင်းစာများ လေ့လာနိုင်

မန္တလေး၊  ရှေးဟောင်းအမွေအနှစ်

မြန်မာနိုင်ငံတွင် သမိုင်းဝင်မြို့ဟောင်း များစွာရှိနေခြင်းမှာ မြန်မာဆိုသည် ရာဇဝင်သမိုင်းခိုင်မာခဲ့သော လူမျိုး အဖြစ် ဂုဏ်ယူ ဖွယ်ပြသနေသလိုဖြစ်နေသည်။ လက်ရှိ ကာလတွင်လည်း ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်မြို့ဟောင်းများက နိုင်ငံအတွက် ဂုဏ်ယူ စရာဖြစ်လျက်ရှိသည်။ မန္တလေးမြို့နှင့်  အနီးတွင် လက်ရှိခန့်ထည်စွာ တည်ရှိနေသော နန်းတော်မြို့ရိုး ပြအိုး ကျုံးများနှင့် အတူ လေ့လာစရာ မြို့ဟောင်းများစွာရှိရာ အင်းဝမြို့ ဟောင်းနေရာ၊ ပင်းယမြို့ဟောင်း နေရာ၊မက္ခရာမြို့ဟောင်းနေရာနှင့်  မြင်စိုင်းမြို့ဟောင်းနေရာများ ပင်ဖြစ်သည်။

မြင်စိုင်းမြို့ဟောင်းရှိ မြင်စိုင်းနန်းဦးစေတီတွင်  ရှေးဟောင်းဇာတ်တော်စဉ့်ကွင်းများနှင့် စဉ့်ကွင်းစာများကို ယနေ့တိုင် လေ့လာနိုင်သည်။

မြို့ဟောင်းနေရာကို တိကျစွာညွန်းဆို ပေးနေသည့် နန်းဦးစေတီများသည် လက်ရှိကာလအထိရှိနေခြင်းမှာ ဂုဏ်ယူ စရာပင် ဖြစ်သည်။ ပင်းယမြို့ဟောင်းနေရာတွင် လည်း နန်းဦးစေတီရှိရာ မန္တလေးတိုင်း ဒေသကြီး  ကျောက်ဆည်မြို့ အရှေ့ဘက် လေးမိုင်အကွာ   ကျောက်ဆည်မြို့နှင့်  ဖျောက်ဆိပ်ပင်ရွာသွား    ကားလမ်းမ တောင်ဘက်ဘေးရှိ မြင်စိုင်းနန်းဦးစေတီကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည်။ ရှေးမြင်စိုင်း မြို့ဟောင်းတွင်ရှိသော မြို့ရိုးသုံးခုအနက်  အလယ်မြို့ရိုးအတွင်းတွင်   တည်ရှိပြီး တူးဖော်တွေ့ရှိသော    မြင်စိုင်းနန်းတော် အုတ်ခုံ၏ တောင်ဘက်ပေ ၅ဝ အကွာတွင်တည်ရှိသည်။

မြင်စိုင်းနန်းဦးစေတီသည် မြေစိုက်စေတီ ဖြစ်ပြီး ပုဂံရွှေစည်းခုံစေတီကဲ့သို့ပင် လေး ထောင့်ပစ္စယာများခံပြီး တည်ဆောက်ထားသော စေတီတစ်ဆူဖြစ်သည်။ လေးဖက် လေးတန်ပစ္စယာများပေါ်တက်ရန် လမ်း လှေကားများ ပါရှိပြီး ပစ္စယာပတ်လည်တွင် ဇာတ်တော်စဉ့်ခွက်များပါရှိသည်။ ပစ္စယာ သုံးဆင့်ပါရှိပြီး အောက်ခြေပစ္စယာအခြေမှာတစ်ဖက်လျှင် ၁၇၄ ပေပတ်လည်ရှိကာ စေတီဉာဏ်တော်မှာ  ၁၇၄  ပေကျော်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

ကျောက်စာ အထောက်အထားများအရ မြင်စိုင်းနန်းဦး စေတီတော်ကို သက္ကရာဇ် ၆၆၂ ခုနှစ် (ခရစ်သက္ကရာဇ် ၁၃ဝ၁ ခုနှစ်) တွင် အသင်္ခယာမင်းသည် နန်းတော်နှင့် တစ်ပြိုင်တည်း တည်ထားခဲ့ပြီး သက္ကရာဇ် ၆၉၁ ခုနှစ် (ခရစ်သက္ကရာဇ် ၁၃၃ဝ ပြည့်နှစ်)တွင်  ဥဇနာမင်းမှ   မူလစေတီကိုငုံပြီး ဉာဏ်တော်မြှင့်တင်တည်ခဲ့ကြောင်း သိရ သည်။

ယခုအခါ မြင်စိုင်းနန်းဦးစေတီတော်ပေါ်မှ အနီးအနားရှိ မြင်စိုင်းခေတ် တောင်ထိပ် စေတီဟောင်းများ၊ မြင်စိုင်း နန်းမြို့ရိုး များကို ကြည့်ရှုနိုင်သည်။ အဖိုးမဖြတ်နိုင်သော သမိုင်းတန်ဖိုးမြင့်မားသည့် နေရာ များဖြစ်ပြီး ပြဋ္ဌာန်း စာအုပ်များတွင်ပြဋ္ဌာန်း ထားသည့် မြင်စိုင်းရွှေပြည်ကဗျာများတွင် ဖော်ပြထားသော မြင်စိုင်းသားတို့၏ ရှေးဟောင်းမြို့တော် ကို လေ့လာနိုင်သည်။

မြင်စိုင်းနန်းဦးစေတီက မြင်စိုင်းမြို့ဟောင်းကို  သက်သေထူလျက်ရှိပြီး   မြင်စိုင်းရွှေပြည် ခေတ်က ဇာတ်တော်စဉ့် ကွင်း များ နှင့်စဉ့်ကွင်း စာများကို ယနေ့တိုင်လေ့လာနိုင်ကြောင်း သိရသည်။ 

နွေနဒီ၊ မြစ်ငယ်