COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်)

၁။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ (၁၈-၈-၂ဝ၂ဝ)နေ့၊ နံနက်ပိုင်း မြန်မာစံတော်ချိန်(ဝ၉း၃ဝ)နာရီတွင် ထုတ်ပြန် ထားသော သတင်းအချက်အလက် များအရ ကမ္ဘာတွင် COVID-19 ရောဂါဖြစ်ပွားသူ (၂၁.၅)သန်းခန့်ရှိ၍ သေဆုံး သူ (၇.၆)သိန်း ကျော်ရှိနေပြီဖြစ်ကာ ဖြစ်ပွားသူနှင့် သေဆုံးသူ အရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက် များပြား လျက်ရှိနေပါသည်။

၂။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသူ (၂.၆)သန်းခန့်နှင့် သေဆုံးသူ (၅ဝ၉၂၁) ဦးဖြင့်  ကမ္ဘာတွင် ဖြစ်ပွားမှု တတိယအများဆုံး နိုင်ငံဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ဖြစ်ပွားသူ (၂.၇) သိန်းကျော်နှင့် သေဆုံးသူ (၃၆၅၇) ဦးရှိနေပါသည်။ အဆိုပါ နိုင်ငံများတွင်  ဖြစ်ပွား/ သေဆုံးသူ ဦးရေမှာ နေ့စဉ် ဆက်လက် မြင့်တက်လျက်ရှိနေသည်ကို တွေ့ရှိနေရပါသည်။

၃။ မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်း၏ အကျပိုင်းသို့ ရောက်ရှိနေပြီး ပထမလှိုင်း မကြာ မီပြီး ဆုံးတော့ မည်ဟု ဆိုနိုင်သည့် အခြေအနေဖြစ်ပါသည်။       

ယနေ့နံနက် ပိုင်းအထိ ရောဂါဖြစ်ပွားသူ (၃၇၆)ဦးရှိကာ ၎င်းတို့အနက် (၆)ဦးသေဆုံးခဲ့ပြီး ရောဂါပိုးကင်းစင်သူ (၃၃၁) ဦး ရှိပြီဖြစ်ပါသည်။ (၁၈-၆-၂ဝ၂ဝ)ရက်နေ့မှစ၍ ယနေ့အထိ ပိုးတွေ့ရှိသူ (၁၁၄)ဦးရှိသည့်အနက် (၂)ဦးသာ ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ကျန် (၁၁၂)ဦး သည် ပြည်တွင်းကူးစက်မှုမဟုတ်ဘဲ နိုင်ငံခြားမှပြန်လည်  ဝင်ရောက် လာသူများတွင် ပိုးတွေ့ရှိရခြင်းဖြစ်ပါသည်။ ဤသို့ ထိန်းချုပ် နိုင်ခဲ့ခြင်းမှာလည်း ပြည်သူသာလျှင် အဓိကဖြစ်သည့် အတွက် ပြည်သူ အားလုံးက ပူးပေါင်းပါဝင်မှု၊ လိုက်နာခဲ့မှုကြောင့် ဖြစ်ပါသည်။

၄။      အထူးသတိပြုရမည့် အချက်မှာ မိမိတို့နိုင်ငံတွင် ရောဂါပိုးတွေ့ရှိ ရသူများအနက် ထက်ဝက်ကျော်ဖြစ်သည့် ၆၁ ရာခိုင်နှုန်း ခန့်သည် အမြင်အားဖြင့် နေကောင်း ကျန်းမာပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်း မရှိသူ များဖြစ်ပါသည်။ အကယ်၍ ရပ်ကွက်/ ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိဘဲ COVID-19 ဗိုင်းရပ်စ်ပိုးရှိနေသောသူများရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ် ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက် လာနိုင်သည့် အလားအလာ များစွာရှိပါသည်။ ဤကဲ့သို့ ရောဂါ ဒုတိယလှိုင်းအဖြစ် ရောဂါပြန်လည်ဖြစ်ပွား/ သေဆုံးနေမှုများကို အိမ်နီးချင်းနိုင်ငံ အချို့နှင့် ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုခဲ့သော ကမ္ဘာ့နိုင်ငံကြီး အချို့တွင် တွေ့ရှိနေရပြီး ခက်ခဲစွာပြန်လည် ထိန်းချုပ်နေ ရသည်ကိုလည်း တွေ့ရှိရပါသည်။

၅။ မိမိတို့ပြည်သူများအကြားတွင် COVID-19 ကာကွယ်ရေးအတွက် အဓိကလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို နိုင်ငံတွင် ကူးစက်မှုများခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ၊ ဧပြီလနှင့် မေလတို့တွင် လိုက်နာမှု အားကောင်း ခဲ့သော်လည်း ဇွန်လအလယ်ခန့်မှ စတင်၍ လိုက်နာမှု အားနည်းနေသည်ကို တွေ့ရပါသည်။

၆။ အကယ်၍ မိမိတို့နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုများ ရုတ်တရက်များပြားစွာ ပေါ်ပေါက်လာပြီး ထိန်းချုပ်ရန် ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ်ပေါ်ပေါက်လာပါက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေးစသည့် ကဏ္ဍမျိုးစုံတွင် ဆိုးကျိုးများစွာဖြစ်ပွား ပေါ်ပေါက်လာနိုင်ပါသည်။

၇။ ရောဂါကာကွယ်ရေး နည်းလမ်းများကို ပြည်သူအားလုံးက လိုက်နာလျှင် လိုက်နာသကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာစေနိုင်သည့် COVID-19 ကူးစက် ဖြစ်ပွားမှု ဒုတိယလှိုင်းကို တားဆီး ကာကွယ် နိုင်မည်ဖြစ်ပါသည်။ COVID-19 ကူးစက် ဖြစ်ပွားမှု ဒုတိယ လှိုင်း မဖြစ်ပေါ်စေရန် အောက်ဖော်ပြပါ အဓိက အချက် (၅) ချက်ကို တိတိကျကျ လိုက်နာပြီး  မိမိတို့ ပြည်သူ အားလုံး အတူတကွ ဝိုင်းဝန်း ကာကွယ်ကြပါရန် တိုက်တွန်း အပ်ပါသည်-

(က)   တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

(ခ)     တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြ ပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ၆ ပေအကွာမှသာ နေထိုင် ပြောဆို ဆက်ဆံကြပါရန်။

(ဂ)    အပြင်ထွက်တိုင်းနှင့် လူစု လူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

(ဃ)   လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂ဝ ကြာအောင် ဆေးကြောကြပါရန်။

(င)     နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွား အလာ တားမြစ်ပိတ်ပင်၍ သီးသန့်ထားရှိ စောင့်ကြပ် ကြည့် ရှုခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း ပါဝင်ပါရန်၊ တရားမဝင် ပြန်လည် ဝင်ရောက် လာ သူများ တွေ့ရှိပါက မဖြစ်မနေ သတင်းပို့ပါရန်။