သြဂုတ် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ  လစဉ် ၁၅ဝ ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက် ပေးသွားမည်

ပြည်သူသို့အသိပေးတင်ပြချက်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်)

၁။  Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟို ကော်မတီမှ (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊  ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက်(၁၅-၈-၂ဝ၂ဝ)ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊  အမိန့် ကြော်ငြာစာ၊ ပြည်သူသို့ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များ မပါ) အား (၃၁-၈-၂ဝ၂ဝ)ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်သွားရန် (၁၃-၈-၂ဝ၂ဝ) ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင် လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ၇၅ ယူနစ် အတွက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ၁ဝ-၇-၂ဝ၂ဝ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

၃။ ထပ်မံ၍ ဇူလိုင်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၇၅ ယူနစ်အတွက် ဓာတ်အားခကျသင့်ငွေကို ကင်း လွတ်ခွင့် (အခမဲ့) ပေးသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၅ဝ ယူနစ်အား ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ပါသည်။

၄။ COVID-19 ကြောင့် ပြည်သူများ စီးပွားရေးအရ ကြပ်တည်းခြင်းများစွာရှိနေ ခြင်းကြောင့် သြဂုတ် ၁  ရက် နေ့ မှ ဒီဇင်ဘာ ၃၁ ရက်နေ့ (၃၁-၁၂-၂ဝ၂ဝ)အထိ လစဉ် ၁၅ဝ ယူနစ်အတွက် ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့)ကို ဆက်လက် ပေးသွားမည်ဖြစ်ပါသည်။

၅။ သို့ပါ၍ လစဉ်သုံးစွဲမည့် လျှပ်စစ် ဓာတ်အား သုံးစွဲမှုယူနစ်များ အနက်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅ဝ ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ် အလိုက် ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခအပါအဝင်    ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး ၁၅၁ ယူနစ်နှင့် အထက်သုံးစွဲသူများကို ယူနစ် ၁၅ဝ အတွက် ဓာတ်အား ကျသင့်ငွေ ၁၁၅၅ဝ ကင်းလွတ် ခွင့် (အခမဲ့)ရရှိမည်ဖြစ်ပါသည်။

၆။ အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲ သူများမှ ၁၅၁ ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ် မှတ်ချက် နှုန်း ထားများအလိုက် ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ်အနေဖြင့်  ကင်းလွတ်ခွင့်ပြုခဲ့ သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင် သတ်မှတ်နှုန်း ထားများအတိုင်း ပေးဆောင် ရမည်ဖြစ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန