ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု တို့ကြောင့် စားနပ်ရိက္ခာ ရှားပါးလာနိုင်မှု အခြေအနေ အပေါ် ဖြေရှင်း ဆောင်ရွက် နိုင်ရေး လုပ်ငန်း ညှိနှိုင်းစည်းဝေး

နေပြည်တော်  သြဂုတ်  ၁၈

ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု တို့ကြောင့် စားနပ်ရိက္ခာ ရှားပါးလာနိုင်မှု အခြေအနေအပေါ် ဖြေရှင်း ဆောင်ရွက် နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာ  သန်းမြင့်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊  ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးစိုးအောင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင် နရီဗန် ထီးယူက   COVID-19 ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံးစိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် ရာသီဥတု ပြောင်းလဲမှု များနှင့် ဆိုးရွားမှုများ   ထပ်ဆင့်ဖြစ်ပေါ်လာနိုင်မှုကြောင့် အခြား ထိခိုက်မှုများအပြင်   စားနပ်ရိက္ခာ ရှားပါးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင် မျှော်တွေးပြီး ဖြေရှင်းဆောင်ရွက်နိုင်မည့် အစီအမံများ ချမှတ်ထားရန်  လိုအပ်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပ တင်ပို့မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ရရှိလာနိုင်ကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုများနှင့် လိုက်လျော ညီထွေဖြစ်မည့် စိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းစေရေး၊ တောင်သူလယ်သမားများ အတွက် နည်းပညာများ ပံ့ပိုးပေးနိုင်ရေး၊ အရည်အသွေးပြည့်ဝသည့် စိုက်ပျိုးရေး ထုတ်ကုန် များဖြစ်စေရေး၊   ပြည်တွင်း/ ပြည်ပဈေး ကွက်များ ဖော်ဆောင်ပေးနိုင်ရေး၊ ကုန်သွယ်မှုပမာဏတိုးတက်ရေး၊   သဘာဝဘေးနှင့်  ပိုးမွှား တိရစ္ဆာန်များကြောင့် စိုက်ပျိုး သီးနှံများ၊ စိုက်ခင်းများ ထိခိုက်ပျက်စီးမှုအတွက် အမြန်ဆုံးပြန်လည်ထူ ထောင်နိုင်ရေး စသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးနှင့် ဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာမှု လျော့နည်းရေးတို့အတွက်   သက်ဆိုင်ရာ  ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်း အလေးထား ဆောင်ရွက်ကြရန် လိုအပ် မည် ဖြစ်ကြောင်း။

ထို့ကြောင့်ဆက်စပ် ဝန်ကြီးဌာနများနှင့်  တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေး၊ စားနပ်ရိက္ခာ လိုအပ်ချက် များ ရှိလာနိုင်မှုအပေါ် ဖြေရှင်း ဆောင်ရွက်နိုင်မည့် အခြေအနေ၊ စားနပ်ရိက္ခာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အခွင့်အလမ်း မျိုးဖော်ဆောင် နိုင်မည့်အခြေအနေတို့ကို တိုင်ပင် ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာကြသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်၍    အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ     ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရာသီဥတု ပြောင်းလဲမှုကြောင့် ပြည်သူများကြုံတွေ့လာနိုင်သည့်  စားနပ်ရိက္ခာ ပြဿနာဖြေရှင်း နိုင်ရေးနှင့် စပ်လျဉ်း၍ လက်ရှိ ထောက်ပံ့နေမှု အခြေအနေများ၊ မထင်မှတ်သော၊ ဆိုးရွားသော ဘေးများ ကျရောက်စဉ် လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ၊ ဘေးအန္တရာယ် လျော့ပါးရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ တွင် နည်းပညာအသုံးပြုမှုနှင့် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့်   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်နှင့် ဒေါက်တာ သန်းမြင့်တို့က စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး ဆောင်ရွက်လျက်ရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေချိုငါး မွေးမြူရေး၊  ရေငန်ငါးဖမ်းဆီးရေးတို့နှင့် စပ်လျဉ်းသည့် ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ပြည်ပတင်ပို့ရောင်းချမှု အခြေအနေများ၊ သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံတွင်း ပျက်စီးဆုံးရှုံးမှုများ၊ သဘာဝဘေးဒဏ် ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရေး၊ ရာသီဥတုထိန်းသိမ်းထားနိုင်ရန်ဆောင်ရွက် ရေး၊ ဆည်မြောင်း၊ တာ၊ တမံများ ပိုမိုတည် ဆောက်ရေး၊ ရေသိုလှောင်ထိန်းသိမ်းထား နိုင်ရေး၊ ရေကို   စနစ်ကျအသုံးချနိုင်ရန် ဆောင်ရွက်ရေး၊ ကုန်သွယ်မှုများဖွံ့ဖြိုးတိုး တက်ရန်ဆောင်ရွက်ရေး၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အရန်ရိက္ခာ များဝယ်ယူ စုဆောင်းသိုလှောင်ထားနိုင် ရေး၊ ရိက္ခာ ထုတ်လုပ်မှု ဖူလုံတိုးတက်စေရန် ဦးစားပေးဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အားလုံ လောက်စွာသုံးစွဲနိုင်ရေး၊ ကုန်ထုတ် လမ်းများ၊ တံတားများပိုမိုတည်ဆောက်နိုင် ရေးတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးစိုးအောင် တို့က  စီမံကိန်းနှင့်   ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရေကြီးရေလျှံမှု၊  မိုးခေါင် ရေရှားမှုတို့ကြောင့်   စားနပ်ရိက္ခာရှားပါး လာမှုအခြေအနေပေါ် ဖြေရှင်း ဆောင်ရွက် နိုင်ရေးဆိုင်ရာကိစ္စရပ်များအတွက် အစီရင်ခံစာပြုစု တင်ပြနိုင်ရေးတို့ကို ရှင်းလင်း ဆွေးနွေး တင်ပြကြ သည်။

ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက နိဂုံး ချုပ်အမှာစကားပြောကြားရာတွင်  စိုက်ပျိုးရေလုံလောက်မှု ရှိစေရေးအတွက် Rain Water Harvesting ကဲ့သို့ မိုးရေ သိုလှောင် ထိန်းသိမ်းနိုင်ရန် ဆည်များ၊ လျှိုပိတ် မြောင်ပိတ်များ တည် ဆောက်ခြင်း၊  ရေကြီး ရေလျှံမှုကြောင့်  စိုက်ပျိုးမြေများ ပျက်ဆီး ဆုံးရှုံးမှုမဖြစ်စေရေး အတွက် ချောင်းကော မြောင်းကောများ ပြန်လည်တူးဖော်ခြင်းတို့ ကိုဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ် ရရှိသည့် စားနပ် ရိက္ခာများကို ရေရှည် သိုလှောင်ထိန်းသိမ်း ထားနိုင်ရေးအတွက် ခေတ်မီ အအေးခန်းများ၊ သိုလှောင်ရုံများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းတည်ဆောက် နိုင်ရေးကိုလည်း ကြိုးပမ်းအကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ရိက္ခာ လိုအပ်ချက်ဖူလုံမှုကို အဓိက ဦးစားပေးပြီး ပိုလျှံမှသာ ပြည်ပသို့စိစစ်၍ တင်ပို့ရောင်းချ နိုင်ရေး စီစဉ်သွား ရမည်ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းစဉ်များကို ရေရှည်စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန်မှာ MSDP နှင့် ချိတ်ဆက်၍   Master Plan တစ်ခု ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။