ရခိုင်ပြည်နယ် ကျိန္တလီမြို့အနီး ရေပြင်၌ ငွေကျပ် ၃၁ ဒသမ ၇၄ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၈

ဒေသခံတာဝန်သိပြည်သူတို့၏ သတင်းပေးချက်အရ ကျိန္တလီနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၆ ရက် မွန်းလွဲ ၁   နာရီခွဲခန့်တွင်  ကျိန္တလီမြို့အနောက်တောင်ဘက် ၂  မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝအနီး မသင်္ကာဖွယ်ကျောက်ချ ရပ်နားထားသည့်  ရှစ်လုံးထိုးအင်ဂျင်၊  အလျား ပေ ၆၀၊ အနံပေ ၂၀ ရှိ စက်လှေတစ်စင်းအား စစ်ဆေးရှာဖွေရာ စက်လှေအတွင်းမှ ဆာလာအိတ် ၆၁ အိတ်ဖြင့်ထည့်ထားသည့် ငွေကျပ် ၃၁ ဒသမ ၇၄ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်အဖက်တမင်း) ၁၃၈၀ ကီလိုသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်များသည် စက်လှေတစ်စင်းဖြင့် မသင်္ကာဖွယ်စက်လှေအနီး ချဉ်းကပ်စဉ် ၎င်းင်းစက်လှေပေါ်မှ အမျိုးသားငါးဦး ရေထဲခုန်ချထွက်ပြေးသဖြင့် ကျိန္တလီမြို့တွင်းနှင့်သံတွဲ-ကျိန္တလီသွားကားလမ်းမပေါ်တွင်  ပိတ်ဆို့ စစ်ဆေးခဲ့ရာ  ၎င်းနေ့ ညနေ ၅ နာရီခန့်တွင် သံတွဲ-ကျိန္တလီကားလမ်းပေါ်၌   ဟွန်ဒိုင်းလိုက်ထရပ်အမျိုးအစားယာဉ်ပေါ်မှ ကျော်မိုးဆွေ ၁၉ နှစ်၊ ဖြိုးမင်းအောင် ၂၇ နှစ်၊ စန်းလင်း၂၉ နှစ်၊ ထွန်းထွန်းဝင်း ၄၁ နှစ်တို့ကိုလည်းကောင်း၊ သြဂုတ် ၁၇ ရက် နံနက် ၉ နာရီခွဲတွင် ဂွမြို့နယ် စမ်းချောင်းကျေးရွာအနီး၌ မောင်ပု(ခ) လှငွေ  ၄၂  နှစ်ကို   လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စစ်ဆေးဖော်ထုတ်ချက်များအရ သံတွဲမြို့နယ် ကင်းမော်ရွာအနီး ရေပြင်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အခြားစက်လှေတစ်စင်းပေါ်မှ ယခုဖမ်းဆီးရမိစက်လှေပေါ်သို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိ ရေပြင်သို့ပို့ဆောင်ရန် ထွက်ခွာလာခြင်း ဖြစ်ကြောင်း၊ စက်လှေအား ကြီးကြပ်၍ မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်လာသူမှာ ထွန်းထွန်းဝင်းဖြစ်ကြောင်း၊ ပင်လယ်ပြင်အတွင်း လှိုင်းလေပြင်းထန်နေသဖြင့် မောင်းဒေါက်ချောင်းဝအနီး ကျောက်ချရပ်နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

      ရဲပြန်ကြား