ကြက်သွန်နီဈေး ကျဆင်းပြီး ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိဈေးအသီးသီးတွင် ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်း ကျဆင်းလာပြီး    ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်လာကြောင်းသိရသည်။

''အခုရက်ပိုင်းမှာ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းလာတယ်။ ပြီးခဲ့တဲ့လက ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၁၅ဝဝ ထိ ရှိတယ်။

အခုတော့ တစ်ပိဿာကို ငွေကျပ် ၇ဝဝ-၈ဝဝ လောက်ပဲရှိတော့တယ်။ ကြက်သွန်နီကပြည်ပက အဝယ်နည်းသွားတယ်။ ပြီးတော့ တရုတ်နိုင်ငံဘက်ကလည်း ဝင်လာတယ်။

အဲဒီအတွက် ဈေးကျလာတယ်။ ခရမ်းချဉ်သီးကတော့ ဒီအချိန် အထွက်နည်းပြီး စားသုံးသူများတဲ့အတွက် ဈေးမြင့်တက်လာတယ်။ ပြီးခဲ့တဲ့လတွေက ခရမ်းချဉ်တစ်ပိဿာကို  ငွေကျပ် ၅ဝဝ ထိပဲရှိတယ်။

ခုတော့ တစ်ပိဿာကို ငွေကျပ် ၂ဝဝဝ အထိ ဈေးနှုန်းမြင့်တက်လာတယ်။ အသီးတွေကတော့ မုံရွာဒေသနဲ့ အင်းလေးဒေသထွက် ခရမ်းချဉ်တွေဖြစ်ပါတယ်''ဟု စားသောက်ကုန်မျိုးစုံရောင်းချသူ    မခင်သိန်းက ပြောသည်။

လက်ရှိအချိန်    လားရှိုးဈေးကွက်၌ ခရမ်းချဉ်သီးများမှာ  ဈေးကောင်းပြီး ရောင်းအား     ကောင်းနေသော်လည်း ကြက်သွန်နီမှာ    ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ် အေးနေကြောင်း   သိရသည်။