ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ Covid-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၉
    
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့၊ ဓမ္မဟေဝန်ကျောင်းတိုက်၊ သုဝဏ္ဏဂီရိတိုင်တရာကျောင်းတိုက်နှင့် ဓမ္မဂီရိမဟာစေတီတော်ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ အမှတ်(၅)ရပ်ကွက်၊ မော်သာယာကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အဘယသီဝံတိုက်သစ်ကျောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ တပ်ဦးဘုန်းတော်ကြီးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နန္ဒဝန်ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးမြို့နယ်၊ ငဗျက်အင်းကျေးရွာ၊ သီရိဓမ္မဘုန်းတော်ကြီးကျောင်းနှင့် မွေတွင်းကျေးရွာ၊ မွေတွင်းဘုန်းတော်ကြီး ကျောင်း၊ ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့ဟိတကာရီ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    
ထို့အပြင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင်  ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ တီကျစ်မြို့၊ ဟဲဟိုးမြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် သန်လျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကျောက်ကြီးမြို့နယ်၊ ပြည်မြို့နယ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် သာယာဝတီမြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို Covid-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေး နည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။