အိန္ဒိယ၌ရေခဲမြစ်ပြိုကျမှု လူ ၁၄ ဦးသေဆုံးပြီး ၁၇၀ ခန့်ပျောက်ဆုံးလျက်ရှိ

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံ၌ ရေခဲမြစ်ပြိုကျပြီး ရေကြီးမှုဖြစ်ပွားခြင်းကြောင့် ဖေဖော်ဝါရီ ၈ ရက်အထိ လူ ၁၄ ဦးသေဆုံးပြီး ၁၇၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများ ကပြောသည်။ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် နိုင်ငံ မြောက်ပိုင်း ဟိမဝန္တာတောင်ရှိ တောင်ကြားတစ်ခု၏တောင်ကမ်းပါးရံမှ ရေခဲမြစ်ပြိုကျ မှုကြောင့် တံတားများ၊ လမ်းများနှင့် ရေအား လျှပ်စစ်စက်ရုံနှစ်ရုံပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ရေခဲမြစ်ပြိုကျမှုကြောင့်အနီး ပတ်ဝန်းကျင်နေရာများမှ သေဆုံးသူရုပ် အလောင်း ၁၄ လောင်းကို တွေ့ရှိကြောင်းနှင့် ဒေသခံ ၁၅ ဦးကိုမူ ကယ်ဆယ်လိုက်နိုင်ကြောင်း ဥတ္တရခန်းပြည်နယ်အစိုးရက ပြောသည်။ ဖေဖော်ဝါရီ ၈ ရက်တွင်မူ မတော်တဆမှုအတွင်း ပျောက်ဆုံးသူအရေအတွက်မှာ ၂၀၀ ကျော်ရှိပြီး ၎င်းတို့ အနက်အများစုမှာ  လျှပ်စစ်ဓာတ်အားပေး စက်ရုံမှဝန်ထမ်းများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပျောက်ဆုံးသူများအနက်အချို့မှာ ဥမင်လိုဏ်ခေါင်းနှစ်ခုအတွင်း ပိတ်မိနေပြီးတာဝန်ရှိသူများအနေဖြင့် ရွှံ့ညွန်၊ ကျောက်တုံးများဖြင့် ပိတ်ဆို့နေသည့် ဥမင်အတွင်းမှ လူ ၁၂ ဦးကို ကယ်ဆယ်လိုက်နိုင်သော်လည်း ဒုတိယ ဥမင်အတွင်း လူ ၂၅ ဦးမှ ၃၀ အထိ ပိတ်မိနေဆဲဖြစ်ကြောင်း ပြည်နယ်သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေး ဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း အဓိကလမ်းမကြီးတစ်ခုမှာ ရေလွှမ်းမိုး နစ်မြုပ်သွား သည့်အတွက် အစိုးရတပ်ဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက လိုဏ်ခေါင်းဝင်ပေါက်အထိ တိုးဝင်နိုင်ရန် တောင်စောင်းများ တစ်လျှောက် ကြိုးဖြင့်တွယ်ကပ်ကာ သွားရောက်ခဲ့ရကြောင်း သိရသည်။

Ref: Bangkok Post