ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၉

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

ညီလာခံပထမနေ့ အစည်းအဝေးတွင် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဦးဆောင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်တာလှဖေ၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ပူးဇင်ကျုံးနှင့် ဒေါက်တာမေဝင်းမြင့်တို့က

ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဦးဆောင်သဘာပတိ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများကို ကျင်းပလာခဲ့သည်မှာ ယခုစတုတ္ထ အစည်းအဝေးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တတိယ အစည်းအဝေးနှင့် ယခုစတုတ္ထ အစည်းအဝေးအကြားတွင် အချိန်ကာလအားဖြင့် နှစ်နှစ်ခန့် ကြန့်ကြာခဲ့ရကြောင်း၊   ပြီးခဲ့သည့်ညီလာခံမှ  ယနေ့ညီလာခံအထိ ဖြတ်သန်းခဲ့ရသော ကြားကာလကို ပြန်ပြောင်းသုံးသပ် ကြည့်ပါက အခက်အခဲများ၊ စိန်ခေါ်မှုများ အများအပြားကို မိမိတို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း၊ တရားဝင် အစည်းအဝေးများ ခေါ်ယူနိုင်ခြင်း မရှိတော့သည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရကြောင်း၊ အစုအဖွဲ့များအကြားတွင် ကွဲလွဲနေသော သဘောထားများကို ဆုံချက်တစ်ခုစီ ရောက်ရှိအောင် အလွတ်သဘော တွေ့ဆုံမှုများ၊ နှစ်ဖက်သီးသန့် အစည်းအဝေးများစသည့် ချဉ်းကပ်မှုမျိုးစုံကို မိမိတို့ကြိုးပမ်းခဲ့ရကြောင်း။

ညီလာခံစားပွဲဝိုင်းတွင် သဘောတူညီချက် မရရှိနိုင်သော ကိစ္စရပ်များကို ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် ခေါင်းဆောင်များအဆင့်တွင် တွေ့ဆုံဆွေးနွေးပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် Ten Plus Ten Meeting အပါအဝင် ဖြေရှင်းနိုင်မည့်နည်းလမ်း မှန်သမျှ ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးစားပွဲဝိုင်းသာမက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင်ပါ ရှေ့ဆက်နိုင်မည့် လမ်းကြောင်းပေါ်ကို ရောက်ရှိလာအောင်     အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်း ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့ဆွေးနွေးဖက်များ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန် မည်သို့ အကောင်းဆုံးဖန်တီးကြမည်ကို ညှိနှိုင်းတိုင်ပင်ခဲ့ကြခြင်းဖြစ်ကြောင်း၊    ယင်းနေရာတွင်    သင်ခန်းစာတစ်ခု ရရှိလိုက်သည်မှာ အတက်-အကျ၊ အနိမ့်-အမြင့် များလှသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မည်သို့အခက်အခဲမျိုး ကြုံတွေ့လာရပါစေ တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ပျောက်မသွားအောင် ဆောင်ရွက်ရေးပင်ဖြစ်ကြောင်း၊ မည်မျှ သဘောထားကွဲကွဲ၊ မည်သို့သောအကျပ် အတည်းများကြုံကြုံ မိမိတို့အစုအဖွဲ့များ အကြား တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအမြဲရှိနေပါက အချိန်ကာလ တစ်ခုအတွင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမည်ကို နားလည်ထားကြရန် အရေးကြီးကြောင်း။

အားလုံးလက်ခံနိုင်မည့် ကမ်းလှမ်းချက်တစ်ခုဖြစ်သည့် Ways Forward for Peace Process  ကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အစိုးရဘက်က စတင်ကမ်းလှမ်းခဲ့ ကြောင်း၊ အစိုးရ၏ ကမ်းလှမ်းချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အပြုသဘောနှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြကြောင်း၊   ယင်းနောက်    ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်(၃)ရပ်နှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ(၅)ချက်ကို အဖွင့်မိန့်ခွန်းတွင် ထုတ်ပြန်ကြေညာခဲ့ ကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန် ကြေညာခဲ့သည့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်(၃)ရပ်တွင် ပါဝင်လာသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ပါဝင် မည့် အကြောင်းအရာများနှင့် ဖက်ဒရယ်မူ (၅)ချက်တို့သည် ကာလရှည်ကြာရပ်ဆိုင်းနေခဲ့ရသော ဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ခဲ့ပြီး တရားဝင် အစည်းအဝေးများ ပြန်လည်ခေါ်ယူနိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်တွင် (၈)ကြိမ်မြောက် JICMအစည်းအဝေးကို ခေါ်ယူနိုင်ခဲ့ပြီး ဆုံးဖြတ်ချက်(၈)ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ ယင်းနောက်UPDJC နှင့် JMC အစည်းအဝေးများ ပြန်လည်စတင် နိုင်ခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်သည့် အနေအထား အထိရောက်ရှိခဲ့ကြောင်း။

နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးသာမက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အထိပါ အဓိကကျသည့်အတွက် မိမိတို့အနေဖြင့် ရှေ့ကိုအများကြီး ကြိုးပမ်းအားထုတ်ကြရဦးမည်မှာ သေချာနေကြောင်း၊ မိမိတို့သည်

မတူညီသော အစုအဖွဲ့များ၊ မတူညီသည့် ဖြတ်သန်းမှုများ၊ မတူညီသည့် နောက်ခံများနှင့်  ယခုညီလာခံ ခန်းမကြီးထဲကိုရောက်ရှိလာခဲ့ကြသော်လည်း တူညီသည့်အချက်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဆုတ်မနစ်ဖော်ဆောင်

လိုသည့် မိမိတို့၏သန္နိဋ္ဌာန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေး အပေါ် ထားရှိသော  မိမိတို့၏ စိတ်ရင်းစေတနာများဟု ပြောနိုင်ကြောင်း၊   တိုင်းရင်းသားပြည်သူ အပေါင်း မျှော်လင့်တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ လုပ်ငန်းအစီရင်ခံစာကို  UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကလည်းကောင်း၊   ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ လုပ်ငန်းအစီရင်ခံစာကို အရပ်သားကိုယ်စား လှယ် (JMC-U)အလှည့်ကျ ဒုတိယဥက္ကဋ္ဌ စောမက်သယူးအေးက  လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးသို့တင်သွင်းမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုလွှာကို ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက လည်းကောင်း၊ ၂ဝ၂ဝ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု (ဇယား-၁) အဆိုပြုလွှာကို   ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယခေါင်းဆောင် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စောမြရာဇာလင်းက လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အဆိုပြုလွှာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) တွဲဖက်အထွေထွေ အတွင်းရေးမှူး UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က လည်းကောင်း ညီလာခံပထမနေ့ အစည်းအဝေးသို့ တင်သွင်းကြသည်။

ထို့နောက် ညီလာခံရက်အလိုက် အစီအစဉ်နှင့် ကျင်းပမည့်ပုံစံကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်က လည်းကောင်း၊ ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဗိုလ်ချုပ်စိုးနိုင်ဦးက လည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။

ယင်းနောက် ညီလာခံ သဘာပတိအဖွဲ့ဝင် တာလှဖေက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးညီလာခံ  ပထမနေ့ အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ

ကော်မတီ (UPDJC)၏ လုပ်ငန်းအစီရင်ခံစာနှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)၏ လုပ်ငန်းအစီရင်ခံစာများကို သက်ဆိုင်ရာ ကော်မတီအသီးသီးက တာဝန်ရှိစွာ ဆောင်ရွက်ချက်အပြည့်

အစုံကို တင်ပြသွားကြပြီဖြစ်ကြောင်း။

ညီလာခံ၏အဓိက လုပ်ငန်းတာဝန်ဖြစ်သည့်   ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အတည်ပြုချုပ်ဆိုနိုင်ရေး အတွက် အဆိုပြုထားပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ၁၅ ချက်၊ ၂ဝ၂ဝ ပြည့်နှစ်အလွန်   အဆင့်လိုက် အကောင်အထည်ဖော်မှု(၈)ရပ်၊   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ(၅)ရပ်တို့ကို အပိုင်းအလိုက် အဆိုပြုချက်များ တင်သွင်းသွားကြပြီဖြစ်ကြောင်း၊ ယင်းအဆိုပြု တင်ပြချက်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ရှင်သန်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်းရေးအတွက် မဆုတ်မနစ် အရှိန်အဟုန် အားကောင်းစွာဖြင့်   ကြိုးပမ်းဖော်ဆောင်သွားကြရမည့် ပြည်ထောင်စုသား အားလုံး၏ ဘုံလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်ဟု တင်ပြလိုကြောင်း။

ထို့ကြောင့် ယခုညီလာခံကြီးက အတည်ပြု ချမှတ်ပြီးသည်နှင့် ပြည်ထောင်စုသဘောတူ ညီချက်များကို ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုသားများ၏အကျိုး ဦးတည်ရည်မှန်းပြီး ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အခြေပြုပြီး ပြည်ထောင်စုသား အားလုံး၏ စည်းလုံးညီညွတ်ရေးကို ထပ်ဆင့်အခြေပြု၍ စဉ်ဆက်မပြတ် တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးကို တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ယူ ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး၊ နည်းပညာ၊ အတွေ့အကြုံများနှင့် ညှိနှိုင်းဆက်စပ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အချိန်ကာလအလိုက် လုပ်ငန်းစဉ်များ မပြတ်မလပ် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တပ်မက်သည့် စိတ်ထား လူတိုင်းကိုယ်စီတွင် အသွေးအသားထဲက အမှန်တကယ် ပြင်းပြခဲ့မည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပန်းတိုင်သည် မသွားခင်က ရောက်နှင့်မည်ဖြစ်သည်ကို    တင်ပြလိုကြောင်း၊ ငြိမ်းချမ်းရေးကို လိုချင်သယောင် ဟန်ဆောင်ပြောဆိုပြီး အတ္တ၊ မာန်မာနများ ရှိနေကြဦးမည်ဆိုသည့် မေးခွန်းမရှိရလေအောင် မိမိတို့အားလုံးက သတိကြီးစွာ ထားကြရမည်ဖြစ်ကြောင်း၊  ယနေ့တင်ပြသွားသည့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃)ကို ညီလာခံကြီးက အတည်ပြုချမှတ်ပြီးသည်နှင့် ညီလာခံကြီး၏ အရှိန်အဟုန်ကို အခြေခံပြီး ပြည်ထောင်စုတစ်ဝန်းလုံး နေရာဒေသအနှံ့ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး လုပ်ငန်းစဉ်တိုင်းတွင် အချင်းချင်း အပြန်အလှန် ယုံကြည်မှုပြည့်ဝစွာဖြင့် အတူတကွ  စွမ်းဆောင်သွားကြစေလိုပါကြောင်း ပြောကြားပြီး ညီလာခံပထမနေ့ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသည်။

(သတင်းစဉ်)