အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်)

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော် များအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါ တယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ အစည်းအဝေးဟာ အခုဆိုရင် (၄)ကြိမ်မြောက် တိုင်ခဲ့ပါပြီ။ ဒီကနေ့ ညီလာခံ အစည်းအဝေးကြီး ဖြစ်မြောက်အောင် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးကြားကနေ ငြိမ်းချမ်းရေးကို ဦးထိပ်ထားတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ရှေ့ကိုဆက်တိုးနိုင်ဖို့ သက်ဆိုင်သူတွေ အားလုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ အရှိန်အဟုန်ကောင်း နေချိန်မှာပဲ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ဖို့ လိုအပ်ချက်တွေကြောင့် ကျွန်မတို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ခရီးသွား လာမှုကန့်သတ်ချက်တွေ၊ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ် ထားတဲ့အချိန်ကာလမှာပဲ ဒီကနေ့ဒီအချိန် ညီလာခံခန်းမထဲမှာ အစုအဖွဲ့ အသီးသီးက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ စုံစုံညီညီ ရောက်ရှိနေကြပါပြီ။ ဒါဟာ ကျွန်မ တို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်း ရေးအတွက် ဘယ်လိုပဲ အခက်အခဲမျိုးတွေ တွေ့ကြုံရသည်ဖြစ်စေ မဖြစ်မနေရအောင် ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ်၊

အစိတ်အပိုင်း(၃)

ဒီခန်းမကြီးထဲမှာပဲ ပြီးခဲ့တဲ့နှစ် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပပြုလုပ် ခဲ့တဲ့ NCA  လက်မှတ်ရေးထိုးခြင်း (၄)နှစ်မြောက် အခမ်းအနားမှာ  ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃)ပိုင်းနဲ့ ချုပ်ဆိုနိုင်ရေး ကြိုးပမ်းကြဖို့ ကျွန်မအနေနဲ့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ အခုကျင်းပမယ့် ညီလာခံကြီးမှာ ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ကို အပိုင်း(၃)ပိုင်းနဲ့ ချုပ်ဆိုနိုင် တော့မှာဖြစ်တဲ့အတွက် ကြိုးပမ်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အဲဒီနေ့၊ အဲဒီအချိန်၊ အဲဒီအခမ်းအနားမှာပဲ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရမယ်၊ ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန် အကောက်ခွဲဝေမှုရှိရမယ်၊ ဖက်ဒရယ်ယူနစ် တွေအားလုံးဟာ တန်းတူရည်တူရှိရမယ်၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေတွေ ရှိရမယ်၊ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်ဆိုတဲ့ အခြေခံမူတွေကို ကျွန်မ ပြောကြားခဲ့ပါတယ်။ အခု ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုချိန်မှာတော့ အခြေခံမူ(၅)ချက်ထဲက အရေးကြီးတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲခွင့်၊ တစ်နည်းအားဖြင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက်ဟာ ပြီးခဲ့တဲ့သြဂုတ် လ ၁၂ ရက်နေ့ ညနေပိုင်းအထိ အပြင်း အထန်ဆွေးနွေးခဲ့ပေမယ့်   သဘောတူ စာချုပ်မှာ  မပါဝင်နိုင်ခဲ့ဘဲ ဆက်လက်ဆွေးနွေးရန် ဆိုတဲ့ အချက်အနေနဲ့ ကျန်ခဲ့ပါတယ်။

ဒီလိုကျန်ခဲ့ရခြင်း အကြောင်းရင်းကလည်း ''ပြည်နယ်အခြေခံဥပဒေ''နဲ့ ''ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ'' စကားရပ်၊ အခေါ် အဝေါ် ညှိယူလို့မရတဲ့ အတွက်လို့ ဆိုနိုင် ပေမယ့်လည်း   ဝေါဟာရတွေပေါ်မှာ အနက်အဓိပ္ပာယ် ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ တကယ်တော့ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီစိုးရိမ်မှုတွေကို ထပ်ပြီး စိစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့၊ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ်။

လွန်ခဲ့တဲ့ (၂ဝ)ရာစုခေတ်က ဖေဖေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် ပြည်ထောင်စုရဲ့ တည်ထောင်ဖော်၊ တည်ထောင်ဖက်တွေ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်ကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေမှာဆိုရင် ''ဤအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ မဆန့်ကျင်စေဘဲ ပြည်နယ်တွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စအားလုံးကို တရားဥပဒေနဲ့ သတ်မှတ်ဖို့'' ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ (၂၁)ရာစုပင်လုံရဲ့ ဆွေးနွေးချက်တွေကို ကြည့်ရင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်း မရှိစေဘဲ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲခွင့်ကိုအားလုံးက သဘောတူညီကြပါတယ်။ သဘောတူညီချက် မရရှိခဲ့တဲ့ စကားရပ်၊ အခေါ်အဝေါ်တွေရဲ့ လေးနက်မှုနဲ့ အဓိပ္ပာယ် သက်ရောက်မှုတွေကို နှစ်ဖက်လုံးက သိမြင်နားလည်နိုင်ကြမယ် ဆိုရင် နှစ်ဦးနှစ်ဖက် သဘောတူလက်ခံနိုင်အောင်၊ အားလုံးရဲ့ စိုးရိမ်ပူပန်မှု တွေပြေပျောက်နိုင်အောင် ဆွေးနွေးညှိနှိုင်းယူလို့ သေချာပေါက်ရနိုင်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့  စိတ်ရှည်လက်ရှည်နဲ့ ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားရဦးမှာဖြစ်ပါတယ်။ အဓိက ကျော်လွှားနိုင်ခဲ့တဲ့ကိစ္စက ရှေ့မတိုး၊ နောက်မဆုတ် အနေအထားနဲ့  လိပ်ခဲတည်းလည်းဖြစ်ခဲ့ရတဲ့ ''ခွဲမထွက်ရေး''နဲ့ ''ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်'' တစ်ဆို့မှုတွေကို    ကျွန်မတို့အားလုံး ကျော်လွှားနိုင်ခဲ့ပါပြီ။ ဆက်လက်ဆွေးနွေး ရဦးမယ့် ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခွင့်နဲ့ ပတ်သက်လို့ မကြာခင် ကာလအတွင်းမှာ ပြေလည်အောင်မြင် သွားလိမ့်မယ်လို့လည်း ကျွန်မအနေနဲ့ အပြုသဘောရှုမြင်ပါတယ်။ သဘောတူညီမှုရ ရှိအောင်လည်း ကျွန်မတို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

(၅)နှစ်တာ အပြောင်းအလဲများ

စိုးရိမ်ပူပန်မှုတွေ၊   သံသယတွေနဲ့  ကြည့်မြင်သုံးသပ်ပြီး မယုံမကြည် ဖြစ်နေကြတာတွေဟာ နှစ်ပေါင်း(၇ဝ)ကျော် လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။ ယုံကြည်မှု အားနည်းရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်က အလျှော့-အတင်း၊ အပေး-အယူ လုပ်ချင်စိတ် မရှိတာကြောင့်ဖြစ်တတ်သလို   အပေး-အယူ၊ အလျှော့-အတင်းလုပ်ပြီး ညှိနှိုင်းတတ်တဲ့ယဉ်ကျေးမှုအားနည်းခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကလည်း အလျှော့-အတင်း လုပ်ခြင်းဟာ အရှုံးပေးခြင်းလို့ လွဲမှားစွာ ယူဆနေကြတာတွေလည်း ရှိနိုင်ပါတယ်။

အပေး-အယူ လုပ်ခြင်း၊ အလျှော့-အတင်း ပြုခြင်းကြောင့် ပြည်ထောင်စုတစ်ခုလုံး အတွက် အကျိုးဖြစ်ထွန်းစေနိုင်တယ် ဆိုတာကို လက်တွေ့သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့ (၄)နှစ်ကျော် ကာလအတွင်း ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကြီးရဲ့ အနာဂတ်အကျိုးကိုမျှော်မှန်းပြီး  အရင်တုန်းကဆိုရင် စဉ်းစားလို့တောင် မရနိုင်ခဲ့တဲ့၊ ညှိနှိုင်းဖို့ တောင် အင်မတန်ခက်ခဲခဲ့တဲ့ အခြေခံမူတွေ သဘောတူညီလာအောင် ကျွန်မတို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တချို့ကလည်း ဝေဖန် ပြောကြားနေကြတာတွေ ရှိပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ တန်းတူရေး၊ အာဏာခွဲဝေရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒါတွေကယေဘုယျဆန်တယ်၊ ဘာပြောင်းလဲလို့လဲ ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပါတယ်။ အခြေခံကျခြင်းနှင့် လွယ်ကူခြင်း အကြားမှာ လက်တွေ့ခြားနားချက်တွေ အများကြီးရှိနေတယ်ဆိုတာ ဝေဖန်နေကြသူတွေ သတိမေ့နေကြတယ် ထင်ပါတယ်။

မေတ္တာတရား၊ လောကပါလတရားဆိုတာတွေလိုပါပဲ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာဏာခွဲဝေမှု ဆိုတာတွေဟာ ပြည်ထောင်စု တည်ထောင်စဉ်ကတည်းက ချမှတ်ခဲ့တဲ့၊ ရိုးရှင်းတဲ့ အခြေခံမူတွေဖြစ်ကြပေမယ့်လည်း လက်တွေ့အသက်ဝင်လာဖို့၊ အမှန်တကယ် ကျင့်သုံးနိုင်ဖို့ကျတော့ အင်မတန်မှ ခက်ခဲနေတယ်ဆိုတာ အားလုံးသိရှိကြပါလိမ့်မယ်။

အခုညီလာခံမှာ ချုပ်ဆိုကြမယ့် ပြည်ထောင်စု သဘောတူစာချုပ်ဟာ ကျွန်မတို့ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ပေမယ့် အရာထင်မလာခဲ့တဲ့ အခြေခံမူတွေကို  ချမှတ်နိုင်ရုံသာမက  လက်တွေ့မှာပါ  မဖြစ်မနေ အကောင်အထည်ဖော် ကျင့်သုံးရမယ့်လုပ်ငန်းစဉ်တစ်ရပ်ကို ကတိကဝတ်ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့အားလုံး လက်တွဲလျှောက်လှမ်းခဲ့တဲ့ အရွေ့ဟာ သမိုင်းနဲ့ချီတဲ့ အရွေ့တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အားလုံး စုပေါင်း စိုက်ထူလိုက်နိုင်တဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ကြသူများ

ငြိမ်းချမ်းရေးကို တည်ဆောက်ကြတယ်ဆိုတာ ပြည်ထောင်စုကောင်းကျိုး၊ တိုင်းရင်းသားပြည်သူတွေရဲ့အနာဂတ်ကို ဆောင်ကြဉ်းပေးတာထက် ပိုမိုသာလွန်ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ မြင့်မြတ်တဲ့ကောင်းမှုကို ထမ်းဆောင်ခြင်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ကြရာမှာ သေနတ်သံတွေ၊  ဗုံးသံတွေ၊ တိုက်ပွဲသံတွေ   တိုးတိတ်ငြိမ်သက်သွားရုံ သက်သက်မဟုတ်ပါဘူး။   လက်နက်ကို အားကိုးမှ၊     အင်အားကိုအသုံးချမှ ထိရောက်မှုရှိမယ်၊ အရာဝင်မယ်၊ အလေးပေး ခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့ ''နိုင်ငံရေးဓလေ့ဆိုး''ကိုဖြစ်ပေါ်စေခဲ့တဲ့ အဇ္ဈတ္တ စိတ်သဏ္ဌာန်ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့အထိ အဓိက ရည်ရွယ်တာပါ။ ဒါဟာငြိမ်းချမ်းရေး တည်ဆောက်သူတွေရဲ့ အန္တိမ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှလည်း ကျွန်မတို့အားလုံး တာဝန်ကျေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ သေနတ်သံတွေ၊  ဗုံးသံတွေ ဒီနေ့တိတ်သွားပြီဆိုပေမယ့်လည်း မနက်ဖြန်မှာ ကျည်ဆန်ပြန်ပေါက်ပြီး   ယမ်းငွေ့ ဝေလာနိုင်တာမျိုးပါ။

လက်နက်အားကိုးမှ၊     အင်အားသုံးမှ ထိရောက်မယ်ဆိုတဲ့ နိုင်ငံရေး ဓလေ့ဆိုးနဲ့ ဒီဓလေ့ဆိုးကိုဖန်တီးပေးလိုက်တဲ့ အရင်းခံစိတ်ဓာတ်တွေကို နိဂုံးကမ္ပတ် အဆုံးသတ်အောင် စွမ်းဆောင်ပေးနိုင်မှသာ တကယ့်ငြိမ်းချမ်းရေး တည်ဆောက်သူလို့ သတ်မှတ်နိုင်မှာပါ။

ဒီဓလေ့ဆိုးနဲ့ အရင်းခံစိတ်ဓာတ်တွေကို ဖယ်ရှားပေးနိုင်ဖို့ဆိုရင် ကျွန်မတို့အားလုံးဟာ တွေ့ဆုံဆွေးနွေးရေးအရ လျှောက်လှမ်းနေရုံနဲ့ပြီးမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ တွေ့ဆုံဆွေးနွေးတယ်ဆိုပြီး အချိန်တွေ ဆွဲဆန့်ကြတာမျိုး ရှိတတ်ကြသလို အင်အားအဓိက ဝါဒီတွေအတွက်လည်း အင်အားပိုစုဖို့ အချိန်ယူတာမျိုးတွေ ရှိတတ်ကြပါတယ်။  စကားလုံးအသုံးအနှုန်းနဲ့ အခေါ်အဝေါ်မှာ လှပပေမယ့် လက်တွေ့အဖြေရှာလိုစိတ် မရှိတဲ့ အနေအထားမျိုးမှာ တွေ့ဆုံဆွေးနွေးရေး ဆိုတာတွေဟာလည်း တဝဲလည်လည်ဝေ့လည် ကြောင်ပတ်အခြေအနေမျိုးနဲ့ပဲ သံသရာလည်နေတတ်ပါတယ်။ ကျွန်မတို့ကြားမှာ ရှိနေတဲ့ပြဿနာတွေကို ကျွန်မတို့အချင်းချင်း တွေ့ဆုံဆွေးနွေး အဖြေရှာကြတဲ့အခါ အမှန်တကယ်ကို အပေး-အယူ၊ အလျှော့-အတင်း ညှိနှိုင်းယူတတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုမျိုးကို ထူထောင်တည်ဆောက် ကျင့်သုံးယူပြီး ဓလေ့ဆိုးကို ယဉ်ကျေးမှုအသစ်နဲ့ အစားထိုးပစ်ရမှာဖြစ်ပါတယ်။ ဗီဇတွေ၊ အကျင့်တွေ၊ ဓလေ့တွေက    ဖျောက်ဖျက်ရအင်မတန် ခက်ခဲမှာဖြစ်တဲ့အတွက် ထူထောင်ရမယ်၊ တည်ဆောက်ရမယ်၊ လက်တွေ့ကျင့်သုံးရမယ်လို့ ကျွန်မအနေနဲ့ ပြောကြားရခြင်းပဲ ဖြစ်ပါတယ်။

အပေး-အယူ လုပ်တာ၊ အလျှော့-အတင်း ပြုတာတွေကို ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ ကျွန်မတို့အားလုံး ကျင့်သားရအောင်၊ အကျင့်ဖြစ်အောင် ကြိုးစားကြဖို့လိုပါတယ်။ အပေး-အယူလုပ်ခြင်းဟာ အရှုံးပေးရခြင်းလို့ ယူဆနေကြပြီးတော့ အပေး-အယူလုပ်လိုစိတ်တွေလည်း လျော့နည်းနေခဲ့တာ သမိုင်းတစ်လျှောက်လုံး တွေ့မြင်နိုင်ပါလိမ့်မယ်။ အပေး-အယူ လုပ်လို့ ဖြေရှင်းနိုင်စွမ်း၊ အဖြေရှာနိုင်စွမ်းမရှိဘူးလို့ သိမြင်လာကြတဲ့အခါ ကိုယ့်ဘက်ကို ချေမှုန်းခြင်း မခံရအောင် အင်အားတည်ဆောက်

ရင်းနဲ့ ''အင်အားသာအဓိက'' ဆိုတဲ့ စိတ်ဓာတ်တွေ ပိုမိုရင့်သန်လာခဲ့ပြီး ပဋိပက္ခတွေသက်ဆိုးရှည်ကြာခဲ့ရတာကို အားလုံးက သတိချပ်စေချင်ပါတယ်။ အမှန်တကယ်မှာတော့ အပေး-အယူ၊ အလျှော့-အတင်း လုပ်ဆောင်ခြင်းဟာ အကျိုးတရားတွေ သိမြင်လာရလေလေ ယုံကြည်မှုတွေဟာလည်း တစ်ဆင့်ချင်း တိုးလာလေလေပဲ ဖြစ်ပါတယ်။ ပထမတော့ မိမိကိုယ်ကို ယုံကြည်မှုရှိလာမယ်၊ ဒီနောက်တော့ ဆွေးနွေးဖက်တွေအပေါ်မှာ    ယုံကြည်မှုရှိလာမယ်၊ နောက်ဆုံးအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်မှုရှိလာပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ထိရောက် အောင်မြင်လာမှာဖြစ်ပါတယ်။

ရွေးချယ်ရမယ့်ပြည်ထောင်စုရဲ့ လမ်း(၂)သွယ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ သီးသန့်တည်ရှိပြီး သီးသန့်သဘောသွားနေတဲ့ လုပ်ငန်းစဉ်တစ်ရပ် မဟုတ်ပါဘူး။ ဒီကနေ့ ကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အခြေအနေ၊ လက်ရှိအချိန် COVID-19 ကပ်ရောဂါရဲ့ ကျန်းမာရေး၊ ပညာရေး အကျိုးဆက်တွေ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုရဲ့သက်ရောက်မှုတွေကို ကျွန်မတို့နိုင်ငံ ရင်ဆိုင်နေရတဲ့အခြေအနေ၊ COVID-19 အလွန်  New  Normal''နေထိုင်မှုပုံစံ အသစ်'' အခြေအနေ၊ ဒီမိုကရေစီ နည်းလမ်းတကျ     လူထုဆန္ဒနဲ့အညီ ကျင်းပမယ့် ရွေးကောက် ပွဲတွေရဲ့ အခြေအနေ၊ အားပြိုင်မှုမြင့်မားလာနေတဲ့ နိုင်ငံတကာ အခြေအနေနဲ့ပထဝီ နိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်ပြီး ဖြစ်ထွန်းနေတာဖြစ်ကြောင်း သတိချပ်ကြ ရမှာဖြစ်ပါတယ်။

ဒီလိုမျိုး ဆက်စပ်ချိတ်ဆက်နေတဲ့ အခြေအနေနဲ့အတူ ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် အခွင့်အလမ်းအသစ်တွေ လမ်းပွင့်လာတာမျိုးရှိသလို စိန်ခေါ်မှုတချို့ကြောင့် အခွင့်အလမ်းတွေ ပိတ်ဆို့သွားတာလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် တပ်မတော်ရော၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော အားလုံးအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ထွက်ပေါ်လာတဲ့ အခွင့်အလမ်းကောင်းတွေကို မိမိရရဆုပ်ကိုင်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်းပြောကြား လိုပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ကောင်းကျိုးချမ်းသာ ရရှိရေးနဲ့အတူ တစ်နွယ်ငင် တစ်စင်ပါနေမှာက အဖွဲ့အစည်း အသီးသီး၊ အစုအဖွဲ့ အသီးသီးရဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကြီးဟာ နှစ်ပေါင်း ၇ဝ ကျော် လက်နက် ကိုင်ပဋိပက္ခရဲ့ဆိုးကျိုးကို    ကျောကော့အောင် ခံခဲ့ရပြီးပါပြီ။ ကမ္ဘာပေါ်မှာ အရှည် ကြာဆုံး ပြည်တွင်းစစ်လို့ သတ်မှတ်မှုရရှိပြီးတဲ့နောက် နောက်ထပ်နှစ်ပေါင်းဘယ် လောက်ကြာအောင် ကျွန်မတို့ပြည်ထောင်စုကြီးရဲ့ အနာဂတ်တွေ အဓိပ္ပာယ်မဲ့နေကြ ဦးမှာလဲ။ အားလုံးက စဉ်းစားကြဖို့လိုပါတယ်။ ငြိမ်းချမ်းရေး ကင်းမဲ့ခြင်းနဲ့ ပဋိပက္ခတွေ ရှည်ကြာခြင်းရဲ့အကျိုးဆက်နဲ့ ပေးဆပ်ရမှုတွေကိုကြည့်ရင် လတ်တလောထင်သာ မြင်သာ တိုက်ရိုက်တွေ့မြင်ကြရမှာက လူ့အသက်တွေ ဆုံးရှုံးရတာ၊ အိုးအိမ်တွေ ပျက်စီးရတာ၊ အိုးပစ်အိမ်ပစ် စွန့်ခွာထွက် ပြေးကြရတာ၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ဆုံးရှုံးရတာတွေကိုပဲ သိမြင်နိုင်ကြပါတယ်။    ဒါပေမဲ့ လူငယ်တွေရဲ့ ပညာရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းရင်းသားပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်မှု အစရှိတဲ့ မသိမမြင်နိုင်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို   မရေမတွက်နိုင်အောင် စတေးခဲ့ရပြီးလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၇ဝ ကျော်ကာလအတွင်း ငွေကြေးအားဖြင့် ထရီလီယံနဲ့ချီတဲ့   ဆုံးရှုံးမှုတွေအပြင် တန်ဖိုးမဖြတ်နိုင်တဲ့    ပြည်ထောင်စုရဲ့ အနာဂတ်၊ ပြည်ထောင်စုကြီးထဲက သားသမီးတွေရဲ့ဘဝတွေမြောက်မြားစွာ ပေးဆပ်ခဲ့ရပါပြီ။ ဒီကနေ့ ဒီအချိန်မှာ ကျွန်မတို့ အားလုံး ငြိမ်းချမ်းရေး တည်ဆောက်သူတွေဖြစ်ဖို့ ကြိုးစားခွင့်ကို သမိုင်းက ပေးအပ်လာခဲ့ပါပြီ။

ကျွန်မတို့အနေနဲ့ နှစ်ပေါင်း ၇ဝ ကျော် ကြာရှည်ခဲ့ပြီဖြစ်တဲ့ အဆိုးသံသရာလမ်းကို ပဲ မိုက်မိုက်မဲမဲနဲ့  ထပ်ပြီးလျှောက်လှမ်းကြဦးမှာလား။ ဒါမှမဟုတ် ပြည်ထောင်စု ကြီးရဲ့ အနာဂတ်အတွက်လျှောက်ခဲ့တဲ့လမ်းဟောင်းကနေ လမ်းကြောင်းပြောင်းပြီး ငြိမ်းချမ်းရေး လမ်းသစ်ကို ကျွန်မတို့ လျှောက်လှမ်းကြမှာလား။ အခု ကျွန်မတို့ရှေ့မှာ လမ်းနှစ်သွယ်ရှိနေပါတယ်။ ဒီလမ်းနှစ်သွယ်ထဲကနေ ဘယ်လမ်းကို လိုက်မလဲ၊ ဘယ်လမ်းပေါ် လျှောက်မလဲ၊ ကျွန်မတို့ ရွေးချယ်ရမယ့် လမ်းနှစ်သွယ်က ကျွန်မတို့ အားလုံးရဲ့ရှေ့မှာ အဆင်သင့်စောင့်ဆိုင်းနေပါပြီ။ ကျွန်မတို့ပြည်ထောင်စုရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် လမ်းဆုံ လမ်းခွမှာ ကျွန်မတို့အားလုံး အလေးအနက်ထား စဉ်းစားကြဖို့လိုပါတယ်။ လမ်းကြောင်းတစ်ခုပေါ်ကို ခြေတစ်လှမ်း လှမ်းမယ်ကြံရင် ကျွန်မတို့ချစ်တဲ့ ပြည်ထောင်စုကြီးနဲ့ ဒီပြည်ထောင်စုကြီးမှာ ဆက်လက်ရှင်သန် ကြမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ်တိုင်းရင်း သားလူငယ်တွေရဲ့မျက်နှာတွေကို ပြန်လည် မြင်ယောင်ကြဖို့ ကျွန်မအနေနဲ့ သတိပေး ပြောကြားလိုပါတယ်။

၂ဝ၂ဝ အလွန် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် နိဂုံးမချုပ်ခင်မှာ ကျွန်မအနေနဲ့ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက် ပြီး ဆက်စပ်ပါဝင်နေတဲ့ လုပ်ငန်းစဉ်တွေကိုမီးမောင်းထိုး အသိပေး ပြောကြားလိုပါတယ်။

အခုကျင်းပတဲ့ (၂၁)ရာစု ပင်လုံညီလာခံကြီးမှာ ကျွန်မတို့ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)မှာ-

 (၁)အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊

 (၂)ပြည်တွင်းငြိမ်းချမ်းရေး၊

 (၃)ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊

 (၄)ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့

 (၅)၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်နေရေးဆိုတဲ့ လုပ်ငန်းစဉ်ကြီး (၅)ခုလုံး ဟန်ချက်ညီရောယှက် ပါဝင်နေတာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်(၅)ရပ်ကို လက်တွေ့ကျကျ ဆက်လက်ဖော်ဆောင်နိုင်မယ့် ၂ဝ၂ဝအလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေကို လည်း အားလုံးသဘောတူချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ ထူးခြားချက်ဖြစ်သလို ကျွန်မတို့အားလုံး(၄)နှစ်ကျော် ကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့ရသမျှရဲ့ အကျိုးရလဒ်၊ သမိုင်းမှတ်တိုင်တစ်ခုလို့ ဆိုချင်ပါတယ်။

ဒီလိုအခြေအနေအထိ ရောက်ရှိလာအောင် အသေးစိတ်ဆွေးနွေး တိုင်ပင်ပြီး စိတ်ရှည်လက်ရှည် စေ့စပ်ညှိနှိုင်းခဲ့ကြသူ အားလုံးကို ကျွန်မအနေနဲ့ ကျေးဇူးအထူးပဲတင်ရှိ ကြောင်း ဂုဏ်ပြုပြောကြား လိုပါတယ်။

ဒီလိုရောယှက် ပါဝင်နေတဲ့ လုပ်ငန်းစဉ် (၅)ခုကို စုစည်းပြီး လက်တွေ့ဖော်ဆောင်ရေးနဲ့ ချုပ်လိုက်မယ်ဆိုရင် ၂ဝ၂ဝ အလွန်ရှေ့ဆက်လျှောက်လှမ်းရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လုပ်ငန်းစဉ်ကြီး(၃)ခု ရှိနေမှာဖြစ်ပါတယ်။

၂ဝ၂ဝ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ပထမလုပ်ငန်းစဉ်ကတော့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်(၂)ရပ်ကို ဒွန်တွဲဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ NCA  လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်တွေရရှိလာ အောင်၊ နောက်တစ်ဆင့် အနေနဲ့ နိုင်ငံရေး စားပွဲဝိုင်းထဲရောက်ရှိလာအောင် ဆွေးနွေးညှိနှိုင်းမှု တွေဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီလိုဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ တစ်ပြိုင်နက်တည်းမှာပဲ NCA လက်မှတ်ရေးထိုးထားတဲ့

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ခိုင်မာအောင် ဆွေးနွေးညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပြည်ထောင်စု သဘောတူစာချုပ်ပါ အခြေခံမူတွေနဲ့အညီ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ မြှင့်တင်ပေးနိုင်ဖို့၊ ဖက်ဒရယ်ကို ဦးတည်သွားမယ့် ကတိကဝတ်တွေရဲ့ ရှေ့ပြေးအဖြစ် ဥပဒေရေးရာ ပြောင်းလဲမှုတွေ ဟန်ချက်ညီဖို့၊ အုပ်ချုပ်ရေးဘက်က  ဆောင်ရွက်ချက်တွေဟာ တန်းတူရေးကိုရှေးရှုဖို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

၂ဝ၂ဝ အလွန် ရှေ့ဆက်မယ့်ငြိမ်းချမ်းရေး ဒုတိယလုပ်ငန်းစဉ်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်(၂)ရပ်ကို ပူးတွဲဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ရဲ့ အပိုင်း(၃)ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာလမ်းညွှန် အခြေခံမူတွေထဲမှာ ကျန်ရှိနေတဲ့ အချက်(၃)ချက်ကို ဆက်လက် ဆွေးနွေးညှိနှိုင်းပြီး အားလုံးသဘောတူ လက်ခံတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်ကို ရှာဖွေကြရပါမယ်။ တစ်ချိန်တည်းမှာပဲ ၂ဝ၂ဝ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုဆိုင်ရာ ဇယား(၁)နဲ့အညီ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို လက်တွေ့ကျကျ ပြင်ဆင်ရမှာဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပဲ ၂ဝ၂ဝ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဆိုင်ရာဇယား(၂)ကို သဘောတူရရှိလာအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖော်ဆောင်ရာမှာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုတွေကို ဟန်ချက်ညီအကောင်အထည်ဖော်နိုင်မယ့် အစီအစဉ်၊ အကောင်အထည်ဖော်မှုယန္တရားနဲ့ လက်တွေ့ကျကျအကောင် အထည်ဖော်နိုင်ရေးကို အကျေအလည် ဆွေးနွေးညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်။

၂ဝ၂ဝ အလွန် ရှေ့ဆက်မယ့်ငြိမ်းချမ်းရေး တတိယလုပ်ငန်းစဉ်ကတော့ ပထမ လုပ်ငန်းစဉ်နဲ့ ဒုတိယ လုပ်ငန်းစဉ်တွေကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေကိုအခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ကြရမှာဖြစ်ပါတယ်။ လမ်းညွှန်အခြေခံမူတွေကို အခြေခံပြီး အဆင့်လိုက် လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြတဲ့အခါ အားလုံး သဘောတူလက်ခံတဲ့  နိုင်ငံရေးမူတစ်ရပ် ထွက်ပေါ်လာပါမယ်။    နိုင်ငံရေးအရ သဘောတူညီချက်ကို လုပ်ငန်းကော်မတီ အဆင့်တွေမှာ တတ်သိပညာရှင်တွေ ပါဝင်စေပြီး NCA ပါလမ်းပြမြေပုံနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတွေဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့်အတူ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေရေးဆွဲခွင့်တွေကိုဘယ်လိုလမ်းကြောင်းနဲ့ ဆောင်ရွက်မယ်၊ တစ်ချိန်တည်းမှာပဲ   လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို ဟန်ချက်ညီအောင်ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေကို စနစ်တကျ အစီအစဉ်တွေ ညှိနှိုင်းချမှတ်ပြီး အကောင်အထည်ဆောင် ရွက်ကြရမှာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက် အစိုးရတွေက ချဉ်းကပ်မှုပုံစံ အမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပေမယ့် ဆယ်စုနှစ်(၇)ခုကျော် ကြာခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ NCA ဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအစပဲဖြစ်ပါတယ်။ နောက်ထပ် ခြေလှမ်းတစ်ရပ် အနေနဲ့ ကျွန်မတို့လက်ထက်မှာ ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေကို ရှေ့ဆက်လျှောက် လှမ်းရမယ့် လမ်းကြောင်းသစ်အနေနဲ့ ဖောက်ပေးနိုင်ခဲ့ပါပြီ။ ၂ဝ၂ဝ အလွန်မှာ ဘယ်အစိုးရပဲ တက်လာသည်ဖြစ်စေ၊ အဆင်သင့်ကိုင်ဆောင် လျှောက်လှမ်းရမယ့် ငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် ကျွန်မတို့  လမ်းသစ်ဖောက်ပေးခဲ့တာပဲဖြစ်ပါတယ်။

ပြည်သူသို့ တိုက်တွန်းချက်

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဆောင် ကြဉ်းမပေးနိုင်သရွေ့ ကျွန်မတို့မျှော်မှန်းထားတဲ့ ပြည်ထောင်စုအိပ်မက်ဟာ အလှမ်းဝေးကွာ နှစ်ရှည်ကြာနေဦးမှာပါ။ အတိတ်သမိုင်းက သင်ခန်းစာတွေကို ကျွန်မတို့ အားလုံးအလေးအနက်ဆင်ခြင်သုံးသပ် ကြရမှာဖြစ်ပါတယ်။ သမိုင်းကြောင်းတစ်လျှောက် ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ရင်ထဲ၊ နှလုံးသားထဲက ဒဏ်ရာဒဏ်ချက်တွေကို ကျွန်မတို့ရဲ့ နှလုံးသားတွေနဲ့ မျှဝေခံစားပြီး စာနာမှုနဲ့ကုစားပေးကြရမှာပါ။

အပင်ပေါက်စ၊ အညွန့်ထူစ ထွန်းသစ်စ ဒီမိုကရေစီကို ရင့်ကျက်ခိုင်မာအောင် ကြိုးစားလျှောက်လှမ်းရင်းနဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စုအိပ်မက်ကို ပုံဖော်ပေးနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

ခရီးကို ကျားကုတ်ကျားခဲ ဆက်လက်ပြီး ကျွန်မတို့လျှောက်လှမ်းကြရဦးမှာပါ။

ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုမှာ ဒီကနေ့ရင်ဆိုင်တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို လွှမ်းခြုံရင်ဆိုင် တုံ့ပြန်နိုင်မယ့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အတွက် ကျွန်မတို့ပြည်ထောင်စုကြီးရဲ့ သားသမီးတွေအားလုံး ခေါင်းချင်းဆိုင်၊ ရင်ချင်းအပ်ပြီး တစ်စိတ်တည်း တစ်ဝမ်းတည်း ကြိုးပမ်းဆောင်ရွက်ကြဖို့ အထူးပဲ အရေးကြီးလှပါတယ်။ ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။

ကိုယ့်လက်ပေါ်မီးပွား ကျလာမှ ပူလောင်တယ်လို့ သဘောထားတာမျိုး၊ ကိုယ့်မျက်စိနား နီးကပ်လာမှ အရေးတယူ လုပ်တာမျိုးနဲ့ ပြည်ထောင်စု အသစ်အတွက် အိပ်မက်တွေ မက်နိုင်ကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင်စုကြီးရဲ့ နေရာတစ်ခုခုမှာပဲ ပဋိပက္ခဖြစ်တာပဲဖြစ်ဖြစ်၊ ကျွန်မတို့ပြည် ထောင်စုရဲ့ သားသမီးတွေ တစ်နေရာရာမှာနာကျင်ခံစားရတာပဲဖြစ်ဖြစ်၊ ''လက်သည်း ဆိပ်ရင် လက်ထိပ်နာ''ဆိုသလို မျှဝေခံစားနိုင်ကြရမှာဖြစ်ပါတယ်။

အားလုံးက အမြတ်တနိုး တန်ဖိုးထားပြီး ''ငါတို့ရဲ့ပြည်ထောင်စု''ဆိုတဲ့ ခံယူချက်တွေ၊အတွေးအမြင်တွေဖြစ်ပေါ်လာအောင် တိုင်းရင်းသားတွေရဲ့ သီးသန့်တည်ရှိနေတဲ့ တန်ဖိုးအားလုံးကို မျှဝေပေးဖို့လိုပါတယ်။ စာနာထောက်ထားမှုနဲ့ အသိအမြင်မှန်ကန်မှု ပေါင်းစပ်နိုင်မှသာ''သူ့ဒေသ ငြိမ်းချမ်းရေးမရတာ ငါနဲ့မဆိုင်ဘူး''ဆိုတဲ့ ကိုယ်လွတ်ရုန်းတဲ့စိတ်ဓာတ်မျိုး၊ ''နောက်လာမယ့် မျိုးဆက်သစ်တွေကိစ္စ၊ နောင်ခါလာ နောင်ခါဈေး၊ထည့်တွက်စရာ မလိုဘူး''ဆိုတဲ့ တာဝန်မသိတဲ့ ခံယူချက်မျိုးတွေကိုဖယ်ရှားပစ်နိုင်မှာ

ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူလူထုကြီးကလည်း ငြိမ်းချမ်းရေးရရှိဖို့ ကူပြီးတွန်းပေးမှလည်း ငြိမ်းချမ်းရေးကို နှောင့်နှေးအောင် လုပ်ချင်သူတွေ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်သူတွေ အနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မလျှောက်လှမ်းလို့ မရဘူးဆိုတဲ့ အခြေအနေမျိုးကို ရောက်ရှိလာမှာပါ။

ဒီတော့ အားလုံးက ဝိုင်းပြီးတော့ တွန်းကြဖို့လိုပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကြီးဆိုတဲ့ ပြည်ထောင်စုရဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ဖို့ ကျွန်မတို့အစုအဖွဲ့တွေရဲ့ ဆွဲအားနဲ့၊ ကျွန်မတို့ ပြည်သူတွေရဲ့ တွန်းအား၊    ဒီနှစ်ခုရဲ့''စုပေါင်း အင်အား''အကောင်းဆုံးအချိန်မှာ ကျွန်မတို့ လိုလားတောင့်တနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးမုချရမယ်လို့ ကျွန်မအနေနဲ့ အခိုင်အမာ ယုံကြည်ထားပါတယ်။ ကျွန်မတို့အားလုံး မျက်စိမမှိတ်ခင်အချိန်တွေမှာ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရတာကို မြင်သွား ချင်ပါတယ်။ မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ကျွန်မတို့ ပြည်သူတွေငြိမ်းချမ်းရေးအတွက် ဝန်းရံပေးကြပါ၊ ငြိမ်းချမ်းရေး အတွက် တွန်းအားပေးကြပါလို့ တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။