အပြစ်တင်ဝေဖန်သံတွေတိတ်သွားစေတဲ့ ရုရှားရဲ့အလုပ်နဲ့သက်သေပြမှု

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက  ရုရှား သမ္မတ  ဗလာဒီမာပူတင်ဟာ  ရုရှားနိုင်ငံ အနေနဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အောင်မြင်စွာ ဖော်စပ်ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက သူတို့ဖော်စပ်နိုင်ပြီဆိုတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ လိုအပ်တဲ့သုတေသန အဆင့် ဆင့်ကိုတောင် မလုပ်ရသေးပါဘူး။

ဒီအတွက်ကြောင့်  ပူတင်နဲ့ ရုရှားသိပ္ပံ ပညာရှင်တွေဟာ နိုင်ငံအများအပြား၊ သိပ္ပံပညာရှင်အများအပြားရဲ့ အပြစ်တင် ဝေဖန်မှုတွေကို အလူးအလဲခံခဲ့ရပါတယ်။ အထူးသဖြင့်တော့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာပါ။ အခုတော့ သမ္မတပူတင်နဲ့ ရုရှားသိပ္ပံ ပညာရှင်တွေဟာ အဲဒီအပြစ်တင်ဝေဖန်သံတွေ တိတ်သွား အောင် လုပ်နိုင်ခဲ့ပါပြီ။ အချိန်လေးတစ်ခုတော့  စောင့်ပေးရတာပေါ့လေ။ အဲဒီလိုအသံတွေ တိတ်သွားစေ တဲ့အကြောင်းရင်းကတော့ သူတို့ရဲ့ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ အမှန်တကယ် အာနိသင်ထိရောက်မှုရှိနေတယ်ဆိုတာကို တခြားသိပ္ပံပညာရှင်တွေက တွေ့ရှိလိုက်လို့ပါပဲ။

အဲဒီကာကွယ်ဆေးရဲ့အာနိသင်ထိရောက်မှုက အနောက်နိုင်ငံတွေက ဖော်စပ်ထုတ်လုပ်ထားတဲ့ ကာကွယ် ဆေးတွေနဲ့ တန်းတူဖြစ်တဲ့အပြင် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးတွေရဲ့အာနိသင်ထက်ပိုတာကို တွေ့ရပါ တယ်။ အခုဆိုရင် ရုရှားနိုင်ငံထုတ် ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အနည်းဆုံးနိုင်ငံပေါင်း ၂၀ က အသုံးပြုခွင့်ပေးထားပါပြီ။ လူဦးရေများပြားတဲ့ အိန္ဒိယနဲ့ဘရာဇီးနိုင်ငံတို့ကလည်း အဲဒီဆေးကို သူတို့ နိုင်ငံအတွင်း   အသုံးပြုခွင့်ပေးဖို့ နီးစပ်နေပါပြီ။ လက်ရှိမှာတော့ ရုရှားအစိုးရက သူတို့ရဲ့ ကာကွယ်ဆေးကို  ပြိုင်ဘက်ဥရောပ ဈေးကွက်ထဲအထိ ထိုးဖောက်နိုင်ဖို့ရည်မှန်း လုပ်ဆောင်နေပါတယ်။

ဒီအချိန်မှာ ဥရောပဒေသဟာ ကာကွယ်ဆေးပြတ်လပ်မှုကြောင့် ဒေသတွင်းကာကွယ်ဆေးထိုးအစီအစဉ်မှာ   ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့်လည်း   ရုရှားက   သူတို့ရဲ့ကာကွယ်ဆေးကို ဥရောပဒေသမှာ ဖြန့်ဖြူးနိုင်ဖို့ အချိန်ကိုက်လုပ်ဆောင်လာတာဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးရဲ့အမည်ကတော့ အားလုံးသိပြီး ဖြစ်တဲ့ Sputnik V ပါပဲ။

ဒီနာမည်ကိုပေးရတဲ့အကြောင်းရင်းက ရုရှားက ကမ္ဘာ့ပထမဆုံးဂြိုဟ်တုဖြစ်တဲ့ Sputnik ကို ၁၉၅၇ ခုနှစ်မှာ လွှတ်တင်နိုင်ခဲ့တဲ့အတွက် အဲဒီဂြိုဟ်တုနာမည်ကိုအစွဲပြုပြီး အခုကာကွယ်ဆေးနာမည် ကိုပေးထားရခြင်း ဖြစ်ပါတယ်။ အစောပိုင်းတုန်းက  ဝေဖန်မှုတွေခံနေရပေမယ့်   အခုအချိန်မှာ  နာမည်ကျော် ကာကွယ်ဆေး တွေနဲ့အတူ ရင်ပေါင်တန်း လာနိုင်ရခြင်းရဲ့အကြောင်းပြချက်ကတော့ ဒီကာကွယ်ဆေးဟာ အာနိသင်ထိ ရောက်မှု ၉၁ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ အပြန်အလှန်သုံးသပ်ချက် ရလဒ်ထွက်ပေါ် လာခြင်းကြောင့်ပါ။

ဒီရလဒ်ထွက်ပေါ်လာမှုဟာ ရုရှားနိုင်ငံအတွက်တော့ အလွန်အရေးပါတဲ့ အခြေအနေဖြစ်တယ်လို့ ရုရှားတိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ကီရေးဒီမီထရီယက်က ပြောပါတယ်။ တစ်နှစ်ဆိုတဲ့ အချိန်ကာလလေးအတွင်းမှာ  လူပေါင်း ၂ ဒသမ ၃ သန်းကျော်ရဲ့အသက်တွေကိုနုတ်ယူသွားနိုင်တဲ့ ကိုဗစ်-၁၉   ရောဂါကို  တိုက်ဖျက်နိုင်ဖို့အတွက် အာနိသင်ထိရောက်မှုကောင်းတဲ့ ကာကွယ်ဆေးလိုအပ်ပါတယ်။

နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ပြောရမယ်ဆိုရင် ဒီလိုထိရောက်မှုရှိတဲ့   ကာကွယ်ဆေးကိုထုတ်လုပ်နိုင်လေ ပထဝီ နိုင်ငံရေးမှာ အဲဒီနိုင်ငံက အရေးပါလေပါပဲ။ ဒါကြောင့်လည်း အခုလိုမျိုးရလဒ်ထွက်ပေါ်လာတာဟာ ရုရှားနိုင်ငံ အတွက် အလွန်အရေးပါတဲ့ အခြေအနေဖြစ်တယ်လို့ ကီရေးဒီမီထရီယက်ကပြောတာပါ။ လက်ရှိအချိန်မှာ ရုရှားအစိုးရရဲ့ နိုင်ငံရေးအရအောင်မြင်မှုကို ထုတ်ဖော်ကြေညာဖို့စောလွန်းနေသေးပေမယ့်လည်း သေချာတာ တစ်ခုကတော့ သူ့ရဲ့ပုံရိပ်ကို အကောင်းဆုံးမြှင့်တင်ထားနိုင်ပါပြီ။

နောက်တစ်ဆင့်ကတော့ ကာကွယ်ဆေးကိုအလုံးအရင်းနဲ့ထုတ်လုပ်တင်ပို့နိုင်ဖို့ဖြစ်ပါတယ်။ ကာကွယ်ဆေးက ဘယ်လောက်အထိ အာနိသင်ရှိပါတယ်ပြောပြော အလုံးအရင်းနဲ့မထုတ်လုပ် မတင်ပို့နိုင်ဘူးဆိုရင်လည်း နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုးအလုံးအရင်းနဲ့ထုတ်လုပ်မှုဆိုတာ ကမ္ဘာကျော်ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေတောင်မှ ရင်ဆိုင်နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ ရုရှားအစိုးရကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်လုပ်မှုကို စတင်လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာဆိုရင် အိန္ဒိယ၊ တောင်ကိုရီး ယားနဲ့ ဘရာဇီးနိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားမှာ ထုတ်လုပ်နေပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာဆိုရင်လည်း ရုရှားသမ္မတရဲ့မဟာမိတ်ဖြစ်တဲ့ တူရကီ သမ္မတရီဆပ်တေ ယစ်အာဒိုဂန် က သူ့နိုင်ငံ အတွင်းမှာ Sputnik V ကာကွယ်ဆေးကိုထုတ်လုပ်ဖို့ သဘောတူညီချက် လက်မှတ်ထိုး လိုက်တာတွေ့ရပါတယ်။  ရုရှားနိုင်ငံရဲ့ ကာကွယ်ဆေးအောင်မြင်မှုဟာ   အထူးသဖြင့်တော့ လက်တင် အမေရိကဒေသမှာ ခိုင်မာနေတာကိုလည်း တွေ့ရပါတယ်။ မက္ကဆီကိုသမ္မတ အန်ဒရက်မန်နျူယယ် လိုပက် အိုဘရာဒိုက လာမယ့်နှစ်လအတွင်းမှာ ကာကွယ်ဆေး ၂၄ သန်း ထောက်ပံ့ပေးမယ့် ပူတင်ကိုနှစ်နှစ် ကာကာ ကျေးဇူးတင်ကြောင်း ဇန်နဝါရီ ၂၅ ရက်တုန်းက ပြောပါတယ်။ ဘိုလစ်ဗီးယားသမ္မတ လူးဝစ္စအာ့က ပြီးခဲ့တဲ့လ ကုန်ပိုင်းလောက်မှာ ပုဂ္ဂိုလ်ရေးအရပေးတဲ့ ကာကွယ်ဆေး ပထမအသုတ်ကို လက်ခံရရှိခဲ့ပါတယ်။

ကာကွယ်ဆေးရရှိဖို့အတွက် ဒုက္ခကြီးစွာရောက်နေတဲ့ အာဂျင်တီးနားနိုင်ငံဆိုရင်လည်း ဇန်နဝါရီလအတွင်းမှာ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးအလုံး  ငါးသိန်းကို လက်ခံရရှိပြီးနောက် နိုင်ငံအတွင်း ကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်နေပါပြီ။ဒါ့အပြင် နီကာရာဂွာ၊ ပါရာဂွေးနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကလည်း အလားတူ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်တင်အမေရိကဒေသရဲ့အကြီးမားဆုံးဈေးကွက်ဖြစ်တဲ့ ဘရာဇီးနိုင်ငံကတော့ အဲဒီကာကွယ်ဆေးကို နိုင်ငံအတွင်းမှာ အရေးပေါ်အသုံးပြုမှုအတွက် အမြန်ဆုံးခွင့်ပြုပေးနိုင်ဖို့ နောက်ဆုံး အဆင့် လက်တွေ့စမ်းသပ်မှုတွေ မလုပ်တော့ဘူးလို့  ဖေဖော်ဝါရီ  ၃  ရက်မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဖရိကဒေသမှာဆိုရင် ဂီနီနိုင်ငံက Sputnik V ကာကွယ်ဆေးကို ပထမဆုံးထိုးခွင့်ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဇင်ဘာဘွေနဲ့ အိုင်ဗရီကို့နိုင်ငံတွေဆိုရင်လည်း ရုရှားနိုင်ငံကနေ ကာကွယ်ဆေးဝယ်ယူလာ နိုင်တဲ့နိုင်ငံတွေဖြစ် ပါတယ်။

Sputnik V ကာကွယ်ဆေးကို နိုင်ငံအများအပြားက    ပိုမိုဝယ်ယူလာနိုင်တဲ့ အကြောင်းပြချက် နောက်တစ်ခု လည်းရှိနေပါသေးတယ်။ အဲဒါကတော့ Sputnik V ကာကွယ် ဆေးဟာ ဖိုင်ဇာနဲ့ဘိုင်အိုအန်တက်ကုမ္ပဏီ ထုတ်ကာကွယ်ဆေးလိုမျိုးမဟုတ်ဘဲ သာမန် ရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်းနိုင်ခြင်းပါပဲ။ ဒါကြောင့်လည်း Sputnik V ကာကွယ်ဆေးဟာ ဆင်းရဲတဲ့နိုင်ငံတွေ၊ အပူပိုင်းဒေသနိုင်ငံတွေဆီကို အလွယ် တကူတင်ပို့ဖြန့်ဖြူးနိုင်တဲ့ ကာကွယ်ဆေးဖြစ်တဲ့အတွက် ပိုပြီးအရောင်းသွက်မယ့် ကာကွယ်ဆေးဖြစ် လာနိုင်တာပါ။  ဈေးနှုန်းကိုကြည့်မယ်ဆိုရင်  လက်ရှိအချိန်မှာ Sputnik V ကာကွယ်ဆေးနှစ်လုံးအတွက် တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၀ သတ်မှတ်ထားတာကြောင့် အနောက်နိုင်ငံထုတ် ကာကွယ်ဆေးတွေနဲ့ ယှဉ်ရင် အများကြီး သက်သာနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးထက်တော့ ဈေးများနေတယ်ဆိုသော်လည်း ထိရောက်မှုအာနိသင်မှာတော့  Sputnik V ကာကွယ်ဆေးက ပိုပြီးအစွမ်းထက်နေတဲ့အတွက် စိတ်ချစွာ ရွေးချယ်သင့်တဲ့အနေအထားဖြစ်နေပါတယ်။ အဓိကကတော့ Sputnik V ကာကွယ်ဆေးဟာ ပြိုင်ဘက် ဥရောပဒေသမှာ ပေါက်သွားဖို့ပါပဲ။ ဒီလိုမျိုးပေါက်သွားဖို့ အလားအလာရှိနေတာကိုလည်း တွေ့ရပါတယ်။ ဥရောပဆေးဝါးကွပ်ကဲရေးဌာနကသာ ခွင့်ပြုရင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှာရှိတဲ့ပြည်သူတွေအနေနဲ့  Sputnik V ကာကွယ်ဆေးတွေကို ထိုးခွင့်ရရှိနိုင်တယ်လို့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောထား ပါတယ်။

အခု Sputnik V ကာကွယ်ဆေးရဲ့အာနိသင်ထိရောက်မှုရလဒ်ကို ထုတ်ဖော်ရေးသားထားတဲ့ လန်းစန့်ဂျာနယ် ဟာဆိုရင် ဥရောပဒေသအခြေစိုက် ဆေးပညာဂျာနယ်ဖြစ်တဲ့အတွက် ဒီကာကွယ်ဆေးဟာ ဥရောပဒေသကို ဝင်ရောက်လာနိုင်ခြေရှိပါတယ်။ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေအနေနဲ့ Sputnik V ကာကွယ်ဆေးကို အတည်ပြုပေးနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ အချိန်အနည်းငယ်ကြာမြင့်နိုင်ကြောင်း အဲဒီဂျာနယ်မှ စာတည်း မှူးချုပ်ရစ်ချာ့ဟော်တန်ကပြောထားပါတယ်။ အစပြန်ကောက်ရရင်Sputnik V ကာကွယ်ဆေးဟာ အစောပိုင်း တုန်းက ဝေဖန်မှုများစွာနဲ့ရင်ဆိုင်လာရတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

အခုတော့ အမှန်တကယ်အာနိသင်ပြည့်ဝတဲ့ ကာကွယ်ဆေးဖြစ်ကြောင်း သက်သေပြလိုက်နိုင်ပြီဖြစ်တဲ့ အတွက် ရုရှား နိုင်ငံရဲ့အလုပ်နဲ့သက်သေပြမှုဟာ အဲဒီအပြစ်တင်ဝေဖန်သံတွေကို တိတ်သွားစေတာ ဖြစ်ပါ တယ်။ ဒါကြောင့် အခုဆိုရင် ရုရှားနိုင်ငံဟာ  Sputnik V ကာကွယ်ဆေးကိုအကြောင်းပြုပြီး ပထဝီနိုင်ငံရေးမှာ သူ့ရဲ့ဂုဏ်သတင်းကို မွှေးပျံ့နေစေအောင် စွမ်းဆောင်နိုင်တော့မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Source: Japan Times