ထိုင်းနိုင်ငံက မော်တော်ကားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများထုတ်လုပ်ရန်ရည်ရွယ်

ဘန်ကောက်၊ စီးပွားရေး

ထိုင်းနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုကိုဖြေရှင်းရန် ယခုဆယ်စုနှစ်အကုန်တွင် မော်တော်ကားထုတ်လုပ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများ ထုတ်လုပ်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

ထိုင်းအစိုးရသည် ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုကိုဖြေရှင်းမည့် မဟာဗျူဟာများကို အဓိကထားကာ လျှပ်စစ်ကားများ ထုတ်လုပ်ခြင်းနှင့်သုံးစွဲခြင်းကို အရှိန်မြှင့်တင်လိုကြောင်း စက်မှုဝန်ကြီး ဆူရီယာဂျောင်ရွန် ဂရွန်ဂစ် ကပြောသည်။

ထိုင်းနိုင်ငံသည် ကားထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်သည့် ဗဟိုချက်ဖြစ်ပြီး ယခုအချိန်အခါသည် လျှပ်စစ် ကားများ ထုတ်လုပ်မှုကို ဦးတည်ရမည့်အချိန်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယာဉ်များမှထွက်သည့် ဓာတ်ငွေ့ကြောင့်ဖြစ်ပေါ်သော လေထုညစ်ညမ်းမှုအားလုံးသည် ကောက်ပဲသီးနှံ အမှိုက်များ မီးရှို့ခြင်း သို့မဟုတ် တောမီးလောင်ခြင်းကဲ့သို့ အခြားသော အရင်းအမြစ်များကြောင့်ဖြစ်သည့် လေထုညစ်ညမ်းမှုထက် များစွာနည်းပါးသည်။

နစ်ဆန်းကုမ္ပဏီ၏ လေ့လာဆန်းစစ်ချက်အရ ထိုင်းပြည်သူ ၉၁ ရာခိုင်နှုန်းသည် သဘာဝပတ်ဝန်းကျင်ကို   ထိန်းသိမ်းရန် လျှပ်စစ်ကားများကို ဝယ်ယူနိုင်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိလျှပ်စစ်ကား မပိုင်ဆိုင် သေးသောပြည်သူ ၄၃ ရာခိုင်နှုန်းသည်  လာမည့်သုံးနှစ်အတွင်း ၎င်းတို့ နောက်ထပ်ဝယ်ယူမည့် ကား အတွက် လျှပ်စစ်ကားကိုဦးစားပေး စဉ်းစားဝယ်ယူနိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်အတွင်း လျှပ်စစ်ကားရောင်းချရမှုသည် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကာ ပုံမှန်ကားရောင်းအားမှာ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

Ref: TST