တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းကျခံနေသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်၀သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျအကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေး နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်အမှတ်၊ ၅၉/၂၀၂၁ နှင့် ၆၀/၂၀၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းကြောင့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦး တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့အား ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။