စစ်တွေမြို့နယ်ကို နေအိမ်တွင်နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ်၊ ၉၃/၂ဝ၂ဝ

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၂ဝ ရက်)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ကူးစက်ရောဂါ များ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင် ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။      ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင် ရွက် လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း ၂ဝ-၈-၂ဝ၂ဝ ရက်နေ့၊ နံနက်ပိုင်းအထိ COVID-19ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၂ ဦးတွေ့ရှိခဲ့ရပြီး ၁၆-၈-၂ဝ၂ဝ ရက်နေ့မှ ၂ဝ-၈-၂ဝ၂ဝ ရက်နေ့၊  နံနက်ပိုင်း အထိ ဓာတ်ခွဲအတည်ပြုလူနာခြောက်ဦး ထပ်တွေ့ရှိပါသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ် နိုင်ရေး အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင်နေထိုင်သည့် ပြည်သူများအနေဖြင့်  မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။      သို့ဖြစ်ပါ၍  ရခိုင်ပြည်နယ်၊  စစ်တွေမြို့နယ်တွင်နေထိုင် သည့် ပြည်သူများအနေဖြင့်  အိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်။

၃။      အဆိုပါမြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ သည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်-

(က) မိမိနေအိမ်တွင်သာ နေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ထမ်း ဆောင်ရန် သွားရောက်သူများမပါ)

(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက်   တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ် လျှင်နှစ်ဦးသာ သွားရောက်ရန်၊

(ဃ) နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့်နှာခေါင်း စည်း(Mask) တပ်ရန်၊

(င)     တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့် သူများ ကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်း ခွင့်ပြု ထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော် လွန်သွားလာ ခွင့်ပြုရန်၊

(စ)    ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်း အပြင်  ယာဉ်ပေါ်တွင်  တစ်ဦး၊  ဆေးရုံဆေးခန်း သွား ရောက်ခြင်း အတွက် ယာဉ်မောင်းအပြင် ယာဉ် ပေါ်တွင် နှစ်ဦးသာသွားရောက်ရန်။

၄။      အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ)တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက်  ပိုမိုရန်ရှိလျှင်ဖြစ်စေ၊  အခြား အရေး ပေါ် ကိစ္စရပ်များအတွက်  သွားလာရန်ရှိလျှင်ဖြစ်စေ  သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်း ပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန် ထမ်း ဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်း ကောင်း ဝင်/ထွက်ခွင့် မပြုရန်ဖြစ်သည်။

၅။      ဤအမိန့်ကိုလိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။

၆။ ဤအမိန့်သည် ၂ဝ-၈-၂ဝ၂ဝ ရက်၊ ည ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

ဒေါက်တာမြင့်ထွေး

ပြည်ထောင်စုဝန်ကြီး