ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ် ငါးဦးထပ်တိုး

နေပြည်တော်  သြဂုတ်  ၂ဝ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့နံနက် ၈နာရီနှင့် ည ၈နာရီတို့တွင် COVID-19ရောဂါ စောင့်ကြပ် ကြည့်ရှု မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုး တွေ့ လူနာသစ် ငါးဦးရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၁၉-၈-၂ဝ၂ဝ) ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၅၆၄ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၉၅ ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၅၉ ခုတွင် COVID-19  ရောဂါဓာတ်ခွဲအတည် ပြုလူနာသစ်နှစ်ဦး တွေ့ရှိရသည်။

(၁၉-၈-၂ဝ၂ဝ) ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်) (NHL)မှ ဓာတ်ခွဲနမူနာ ၁၁၂၄ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၃၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ ၂ဝ၈ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၉၅ ခု စုစုပေါင်း ၁၆၆၄ ခုအား စစ်ဆေး ခဲ့သည်။

(၂ဝ-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၂၈၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ  ဓာတ်ခွဲ နမူနာ ၁၆ဝခုနှင့် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၇၉ ခုနှင့် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၁၇၆ ခု စုစုပေါင်း ၈ဝဝ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် သုံးဦး တွေ့ရှိရသည်။

(၂ဝ-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၉၉ ဦးရှိပြီဖြစ် သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင်  နှစ်ကြိမ်ဆက် တိုက်ပိုးမတွေ့ ရှိသူ စုစုပေါင်း  ၃၃၃ ဦးရှိသည်။ ၎င်းတို့ အနက် ၃၃၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦး ရှိသည်။ (၁၉-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂နာရီမှ (၂ဝ-၈- ၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၂၄ ဦးရှိကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။