ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ဖြင့် ကုသခြင်းနှင့် ပတ်သက်၍ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ အကြောင်းကို သတင်းမီဒီယာများအား ရှင်းလင်း ပြောကြား

ရန်ကုန်  သြဂုတ်  ၂ဝ

ကိုဗစ်-၁၉ လူနာများအား သွေးရည်ကြည်ဖြင့် ကုသခြင်းနှင့် ပတ်သက်၍ လက်ရှိအခြေအနေနှင့်      ရှေ့လုပ်ငန်းစဉ်များ အကြောင်းကို  သတင်းမီဒီယာများအား ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဆေးသုတေသန ဦးစီးဌာန၌ ရှင်းလင်း တင်ပြသည်။

သတင်းစာရှင်းလင်းပွဲသို့   သွေးရည်ကြည်ဖြင့်  ကိုဗစ်-၁၉  လူနာများအား ကုသရေး Ad-hoc အကြံပေးအဖွဲ့ ဥက္ကဋ္ဌ  ပါမောက္ခဒေါက်တာရဲမြ၊ ဆေးတက္ကသိုလ်(၁) သွေးရောဂါဌာန အငြိမ်းစားပါမောက္ခ(ဌာနမှူး) ဒေါက်တာထွန်းလွင်ငြိမ်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဇော်သန်းထွန်း၊ အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်၊ ဆေးတက္ကသိုလ်(၂) Tropicaland Infectious disease Department ဝေဘာဂီကူးစက်ရောဂါကု ဆေးရုံကြီးမှ ပါမောက္ခဌာနမှူး ဒေါက်တာစပယ်ဖြူတို့ တက်ရောက်ရှင်းလင်း ပြောကြားကြသည်။

ရှေးဦးစွာ ကုသရေး Ad-hoc အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက သွေးရည်ကြည်ဖြင့် ကိုဗစ်-၁၉ လူနာများအား    ကုသခြင်းကိစ္စ အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီ၁၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါခံစားပြီး ပြန်လည်ကောင်းမွန်လာသူများ၏ သွေးရည်ကြည်နှင့် လက်ရှိဝေဒနာ ခံစားနေရသူများအား ကုသရန် Ad-hoc ကော်မတီတစ်ခုကို ပါမောက္ခ ဒေါက်တာရဲမြအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်၍ အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် ဆေးပညာ အတွေ့အကြုံ ရင့်ကျက်မှုနှင့် နိုင်ငံတကာ လေ့လာမှုများ ပေါင်းစပ်ကာ ရောဂါဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာသော အချို့သွေးရည်ကြည်အလှူရှင်များ၏ သွေးရည်ကြည်နှင့် ကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ၎င်းအဖွဲ့

အနေဖြင့် ကုသရေးနှင့် ပတ်သက်သည့် ကျင့်ဝတ်ဆိုင်ရာခွင့်ပြုချက်ကို  မေ ၈ ရက်တွင်ရရှိခဲ့ပြီး ဝေဘာဂီဆေးရုံတွင် သွေးလှူဘဏ်ခွဲတစ်ခုကို စတင်ထူထောင်ခဲ့သည်။

ယင်းနောက် ရောဂါလက္ခဏာ ပြင်းထန်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာသူများ ထံမှ သွေးရည်ကြည်ကို    အလှူခံခဲ့သည်။

ထို့နောက်မေ ၂၅ ရက်မှ စတင်၍ ရောဂါလက္ခဏာ ပြင်းထန်သော လူနာများကို ကုသ ပေးခဲ့ရာ လူနာရှစ်ဦးအထိ ကုသပေးခဲ့ရသည်။

ထိုသို့လူနာများအား ကုသမှုပေးခဲ့ရာတွင် သွေးရည်ကြည် တစ်မျိုးတည်းဖြင့် ကုသပေးခြင်း မဟုတ်ဘဲ အခြားဆေးဝါးများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကြပ်မတ် ကုသခန်းများဖြင့် ပါဝင်ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကုသမှုခံယူခဲ့သော လူနာရှစ်ဦးအနက် လေးဦးကို ဆေးရုံမှဆင်းခွင့်ပြုပေးခဲ့ပြီး ကျန်လေးဦးမှာ ပြန်လည် ကျန်းမာလာသော်လည်း အခြေခံရောဂါများကို ဆက်လက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူလူနာများ အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာရဲမြက ''ကိုဗစ်-၁၉ ကူးစက်ခံရတဲ့လူနာကို ရောဂါပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ သူတို့ရဲ့သွေးရည်ကြည်ကို တိုင်းကြည့်မယ်။  ဒီသွေးရည်ကြည်မှာ ပဋိပစ္စည်း ပမာဏများတယ်ဆိုရင် သူတို့ကို အလှူခံမှာပါ။ အဲလိုအလှူခံပြီး သိမ်းထားမယ်။ တစ်နှစ်လောက်အထိ သိမ်းထားလို့ရတယ်။ အခုတော့မလိုသေးဘူး။ မတော်တဆများ လူနာ ၁ဝ ယောက်လောက် အထိ ရောက်လာခဲ့ရင်  သုံးဖို့အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားချင်ပါတယ်''  ဟု ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၌ SARS- COV-2 ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲလာ ခြင်းနှင့်ပတ်သက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ပါမောက္ခ ဇော်သန်းထွန်းက သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားသည်။

ဆေးသုတေသန ဦးစီးဌာနသည် ဧပြီ ၂၃ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကို မော်လီကျူးနည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေး ပေးခဲ့ရာ  ဓာတ်ခွဲနမူနာပေါင်း  ပျမ်းမျှတစ်နေ့ လျှင် ၂ဝဝ-၃ဝဝ ခန့် လက်ခံ စစ်ဆေးပေးလျက်ရှိသည်။ သြဂုတ် ၁၆ ရက်အထိ ဓာတ်ခွဲနမူနာပေါင်း နှစ်သောင်းကျော်ကို စစ်ဆေးပေးခဲ့ပြီး ပိုးတွေ့လူနာ ၁၁ဝ ကို ရှာဖွေဖော်ထုတ် ပေးနိုင်ခဲ့သည်။ မျိုးရိုးဗီဇ တစ်ခုလုံးကို လေ့လာနိုင်ခြင်းအားဖြင့် ဗိုင်းရပ်၏ ရောဂါကူးစက်ပျံ့နှံ့မှု၊ အခြား တိုင်းပြည်ဒေသများတွင် ဖြစ်ပွားသည့်ပိုးနှင့်  မျိုးဗီဇဆင်တူမှု၊ ရောဂါပြင်းထန်စေ နိုင်မှုပမာဏတို့နှင့် ဗီဇဆက်နွှယ်မှုများကို လေ့လာ သိရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးသုတေသန သုတေသီများအနေဖြင့်  နိုင်ငံတွင်းတွေ့ရှိသည့် SARS-COV-2 ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်သည့် နည်းပညာကို မေလ မှ စတင်ကြိုးစားခဲ့ရာ လေကြောင်းလိုင်း အခက်အခဲကြောင့် ဓာတ်ခွဲပစ္စည်းများ ရရှိ မှုနှောင့်နှေးခဲ့ရသည်။

ဓာတ်ခွဲပစ္စည်းများ ရရှိသည်နှင့် ချက်ချင်း လေ့လာဆောင်ရွက်ခဲ့ရာ ပိုးတွေ့ဓာတ်ခွဲ နမူနာများထဲမှ ဗိုင်းရပ်ပိုးအရေအတွက်များသည့် နမူနာများကို ရွေးချယ်ပြီး ပြည်တွင်း ကူးစက်မှု ဖြစ်ပေါ်ခဲ့သော  လူနာများနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထံ မှ ပိုးတွေ့ဓာတ်ခွဲနမူနာ ၁ဝ ခုကို စိစစ်ကာ SARS-COV-2 ၏ မျိုးဗီဇတစ်ခုလုံးကို အဆင့်မြင့် မျိုးဗီဇစစ်ဆေးစက်ဖြင့် လေ့လာ ဆောင်ရွက်ခဲ့ကြောင်း၊ ဗိုင်းရပ်၏ မျိုးဗီဇ တစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာ အသိအမှတ်ပြု (US NCB/NIH)   database တွင်တင်သွင်းကာ   စိစစ်မှု ခံယူနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ  ၁ဝ  ခု စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်း ရောဂါပိုးဇီဝ မျိုးကွဲများ ဝင်ရောက်ခဲ့ကြောင်း သိရှိရပြီး  ပြည်တွင်း ကူးစက်မှုဖြစ်ပေါ်ခဲ့သော  ဓာတ်ခွဲနမူနာ ငါးခုအနက် တစ်ခုတွင်သာ G614ဗီဇ ပြောင်းလဲမှုတွေ့ရှိသည့်အတွက် ကျယ်ကျယ် ပြန့်ပြန့် ကူးစက်ပြန့်ပွားခြင်း မရှိခဲ့ခြင်းဖြစ် သည်ဟု သုံးသပ်ရသည်။ သို့သော် ပြည်ပ မှ ပြန်ရောက်လာသူများထံမှရသည့် ဓာတ်ခွဲ နမူနာငါးခုလုံးတွင် G614 ဗီဇပြောင်းလဲမှုကို တွေ့ရှိခြင်းကြောင့်  ထိုကူးစက်မှုမြန်သည့် ပိုးအမျိုးအစားများမှ ပြည်တွင်းကူးစက် မှုများဖြစ်ပေါ်လာပါက ဒုတိယလှိုင်းဖြစ် နိုင်ခြေရှိသည်ကို အထူးသတိပြုရန် လိုအပ် လျက် ရှိကြောင်း သိရသည်။