ဒဂုံပရဟိတ တေးဂီတဖျော်ဖြေပွဲ ကျိုင်းတုံမြို့၌ ကျင်းပ

ဒဂုံပရဟိတ တေးဂီတဖျော်ဖြေပွဲ ကျိုင်းတုံမြို့၌ ကျင်းပ

ကျိုင်းတုံ  ဒီဇင္ဘာ  ၂၂ ဒဂုံပရဟိတတေးဂီတ ဖျော်ဖြေပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး  ယခုနှစ်ဒဂုံပရဟိတ တေးဂီတဖျော်ဖြေပွဲ၏ ပထမပွဲကို ကျိုင်းတုံမြို့ မြို့နယ် အားကစားကွင်း၌ ယနေ့ ည ၈ နာရီမှ  ၁၂ နာရီအထိ  ကျင်းပခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် ဒေသခံတပ်ရင်း/တပ်ဖွဲ့များမှ မိသားစုများ၊ ဒေသခံပရဟိတ အသင်းများမှ အသင်းသူ၊ အသင်းသားများ၊ ကျိုင်းတုံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများမှ ဒေသခံ ပရိသတ်များ ကြည့်ရှုအားပေးခဲ့သည်။ 

အဆိုပါ   တေးဂီတဖျော်ဖြေပွဲတွင် Frenzo အဖွဲ့ဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ Snare (ဘကြီးဖြိုး၊ ဦးနေဝင်း)၊ Bunny Phyoe ၊ G Fatt  ၊ အမရာဖုန်းတို့က လည်းကောင်း၊ Oxygen Music Band နှင့် တွဲဖက်၍ အိမ့်ချစ်၊ မေလေး၊ လိဂါ၊ မမီးမီး၊ အိုက်ထွန်း၊ စိုင်းမျိုးဟန်ထွန်းတို့က လည်းကောင်း သီဆိုဖျော်ဖြေခဲ့ပြီး ပရဟိတတေးဂီတ ဖျော်ဖြေပွဲအပြီးတွင် အလှူရှင်များနှင့် ပရိသတ်များထံမှ  စုပေါင်းလှူဒါန်း ရရှိငွေကျပ်သိန်း   ၄၁၀ ကို ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်   အုပ်ချုပ်မှုဒါရိုက်တာ   ဦးလှမင်းတူနှင့်  အထွေထွေမန်နေဂျာ ဦးမောင်မောင်စိုးတို့က ကျိုင်းတုံခရိုင်အတွင်းရှိ ပရဟိတအသင်းများ ကိုယ်စား တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် နောင်တုံဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် မြို့မိမြို့ဖ ဦးစိုင်းတစ်အောင်တို့ထံ ရန်ပုံငွေအဖြစ် ပေးအပ် လှူဒါန်းခဲ့သည်။ 

ကျိုင်းတုံခရိုင်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေး အသင်းချုပ်၏ ကိုယ်စားပြုပရဟိတ အသင်းများဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုရေးကူညီ စောင့်ရှောက်မှု အသင်း၊ တိုင်းနေနာရေး ကူညီမှုအသင်း၊ ရေကြည်တစ်ပေါက် ပရဟိတအသင်း၊ ကျိုင်းတုံလူငယ်စင်တာ၊ ရှင်သန်ခြင်း ကိုယ့်အားကိုယ်ကိုး၊ နှင်းတောင်တန်းအဖွဲ့ (လွယ်မွေ)၊ မော်ကွမ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း၊ ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့၊ သျှမ်းပြည်နယ် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေး အသင်း၊ ဂုံရှမ်းစာပေနှင့် ယဉ်ကျေး မှုအဖွဲ့၊ ကျေးဇူးတော်အလင်း လူမှုကူညီရေး အသင်းတို့က လူမှုရေး၊ သာရေး/ နာရေး၊ ယဉ်ကျေးမှု ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး  ရန်ပုံငွေများကို  အဆိုပါ အသင်းများသို့ ခွဲဝေပေးသွားမည်ဖြစ်သည်။ ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်အနေဖြင့် လူမှုအကျိုးစီးပွားဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းပါဝင် အကျိုးပြုဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်း လူမှုရေး၊ သာရေး/နာရေး ပရဟိတအသင်းများအား ရန်ပုံငွေထောက်ပံ့ လှူဒါန်းပေးနိုင်ရေးအတွက် ၂၀၁၁ ခုနှစ်မှစတင်၍ ဒဂုံပရဟိတ တေးဂီတဖျော်ဖြေပွဲများကို မြို့ကြီးများတွင် နှစ်စဉ်ကျင်းပလျက် ရှိကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ရှစ်နှစ်တာ ကာလအတွင်း  ပွဲပေါင်း ၃၂ ပွဲ ကျင်းပခဲ့ပြီးဖြစ်ကာ အလှူငွေသိန်းပေါင်း တစ်သောင်းကျော်ကို သက်ဆိုင်ရာ ပရဟိတ အသင်းများထံ လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခုဘဏ္ဍာရေးနှစ်တွင်လည်း ဒဂုံပရ ဟိတတေးဂီတ ဖျော်ဖြေပွဲ၏ ဒုတိယပွဲကို ဒီဇင်ဘာ ၂၈ ရက် (စနေနေ့)တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ရရှိသည့် အလှူငွေများအား မြစ်ကြီးနားမြို့ ပေးဆပ်သူ (အခမဲ့) လူမှုကူညီရေးအသင်းသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။