မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ

ယနေ့သည် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ ရက်နေ့က ဗမာ့အသံ (Burma Broadcasting Service -BBS) အမည်ဖြင့် စတင်ခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနေ့ဖြစ်ပါသည်။

လူ့ဘဝသက်တမ်းနှင့် ပြန်လည် ဆန်းစစ်ကြည့်ပါက ၇၅နှစ်ဆိုသော အရွယ်သည် ဆယ်စုနှစ်ပေါင်းများစွာ ကိုဖြတ်ကျော်ကာ အခက်အခဲ၊ စိန်ခေါ်မှု၊ ပြောင်းလဲ တိုးတက်မှု စသည့်အတွေ့အကြုံ ဗဟုသုတ များစွာ ကြွယ်ဝ နေပြီ ဖြစ်ပါသည်။

''ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်''ဟူသော ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထု၊ ပြည်ပနိုင်ငံများသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား များနှင့် အခြားပရိသတ်များအတွက် အသိပညာဗဟုသုတ၊ အကြားအမြင်နှင့် သတင်းတို့ကို ခေတ်အဆက်ဆက် ရရှိအောင်ဆောင် ရွက်ပေးနိုင်ခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအကြား၌ သာမက ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံး ၌ အမြဲတည်ရှိနေမည်ဖြစ်ပါသည်။

မြန်မာ့အသံလွှင့် လုပ်ငန်းများကို ၁၉၃၆-၁၉၃၇ ခုနှစ်တွင် စတင် စမ်းသပ်အသံလွှင့်ခဲ့သည် ဆိုသော်လည်း  လွတ်လပ်သော အမျိုးသား အသံလွှင့်ဌာန တစ်ခု မဟုတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၁၉၄၅ ခုနှစ်၊ မတ်လဆန်း၌မူ ရန်ကုန်မြို့၌ မြန်မာ့ တော်လှန်ရေး တပ်မတော်အသံလွှင့် ဌာနထူထောင်ကာ လွတ်လပ်သော အမျိုးသား အသံလွှင့် ဌာနတစ်ခုကို အစပျိုးခဲ့ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည်ခေတ်အဆက်ဆက်တွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ကာ ခေတ်မီနည်းပညာများ ကိုအသုံးပြုပြီး ကမ္ဘာနှင့်အညီ ရင်ပေါင်တန်းနိုင်ရေး ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများကို ဆန်းသစ်သောအမြင်သစ်၊ အသွင်သဏ္ဍာန် သစ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက် လျက်ရှိကြောင်းတွေ့ရှိရပါသည်။

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ အသံလွှင့်လုပ်ငန်း ''ရန်ကုန်ရေဒီယို'' (Rangoon  Radio) ကို ''ဗမာ့အသံ'' (Burma Broadcasting  Service-BBS)ဟူ၍ ပြောင်းလဲခေါ်တွင် လာခဲ့ချိန်မှစ၍ ပြည်သူ လူထုအတွက် အစီအစဉ်ကဏ္ဍ အသစ်များကို တီထွင်ထုတ် လွှင့်ခဲ့ပါသည်။ ဝင်ဒါမီယာ ''ဗမာ့အသံ''၊ အိမ်စောင့်အစိုးရ လက်ထက်တွင် ပြည်လမ်း အသံလွှင့်ရုံသစ်ကြီးကို  ပြောင်းရွှေ့ထုတ်လွှင့်ခဲ့သည့်  ''မြန်မာ့အသံ''၊ တော်လှန်ရေးအစိုးရ ခေတ်နှင့် လမ်းစဉ်ပါတီခေတ်များတွင် ''မြန်မာ့အသံ''နှင့် ၁၉၇၂ ခုနှစ်တွင် ''ပြန်ကြားရေးနှင့်အသံလွှင့်ဦစီး ဌာန''၊ တပ်မတော်အစိုးရခေတ် ၁၉၉၁ခုနှစ်တွင် ''မြန်မာ့ရုပ်မြင်သံကြား နှင့် အသံလွှင့် ဦစီးဌာန''၊ ၁၉၉၇ ခုနှစ်တွင် ''မြန်မာ့အသံနှင့် ရုပ်မြင်သံကြား'' အမည်များဖြင့် ပြည်သူအတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ပေးရန် ရည်ရွယ်ချက်များဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏  (၇၅)နှစ်မြောက် အခါသမယ တွင်လည်း စိန်ရတု အထိမ်းအမှတ် ဂုဏ်ပြု အစီအစဉ် ပြုလုပ်ပြီး MRTV ၏ အောင်မြင်မှုများကို   မှတ်တမ်းတင် ဂုဏ်ပြုတင်ဆက်ခဲ့ပါသည်။

MRTV ၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် မြန်မာ့အသံ ရေဒီယိုကလည်း ''Myanmar Radio'' အမည်ဖြင့် အင်္ဂလိပ်ဘာသာ သီးသန့်  FM Channel အသစ်တစ်ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် ကနဦး နားဆင်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး MRTV ရုပ်သံလိုင်း အစီအစဉ်တွင်လည်း အင်္ဂလိပ် ဘာသာဖြင့် သတင်း အစီအစဉ်ကို စတင် ထည့်သွင်း ထုတ်လွှင့်သွားတော့မည်ဖြစ်ပါသည်။

ယနေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ လက်ထက်၌လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ပြည်သူ လူထုသို့ ရည်ရွယ်ချက်များ အတိုင်း အရှိန်အဟုန်မပျက်အောင်မြင်စွာဆက်လက်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါသည်။ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေး ဦစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းဦးစီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ အနေဖြင့်လည်း ပြည်သူ့ဆက်ဆံရေး တာဝန်၊ ပြန်ကြားရေး တာဝန်များနှင့် မီဒီယာ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုနေ့မှသည် နိုင်ငံတော်အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က အားထားရသော၊ ပြည်သူက အားကိုးရသော   စတုတ္ထမဏ္ဏိုင် ဖြစ်ပါစေကြောင်း သဝဏ်လွှာ ပါးအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်