နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phangနော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် တာဝန်ရှိသူများ အနေဖြင့် ညင်ညင်သာသာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစပြီး ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို မပြောင်းလဲကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများ ပြောင်းလဲခြင်း မရှိကြောင်း၊ ပကတိအခြေအနေများသည် ရွေးကောက်ပွဲ မဲစာရင်းများ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့တွင် အရပ်ဘက်မှ အများကြည်ညို လေးစားသည့် ပုဂ္ဂိုလ်များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကို အလေးထား ကြောင်း။

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊  အရေးပေါ်ကာလ ပြီးဆုံးသွားပါက စည်းကမ်းပြည့်၀ပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ်ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်းတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အေးချမ်း တည်ငြိမ်မှုရှိမှ တစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း။

အဓိကအားဖြင့် COVID-19 ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအား COVID-19 ကာကွယ် ဆေးထိုးနှံရေး လုပ်ငန်းများကို ရပ်ဆိုင်းထား၍ မရကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရမည့် လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာ ရောက်ပြီး ပြည်သူများအနေဖြင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေးအကုန်အကျ များစွာဖြင့် ကုသမှုခံယူရသောကြောင့် ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုများ ရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အသက်သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးနှင့် စပ်လျဉ်းပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်း ခွင့်ပြုထားကြောင်း။

စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊  ငွေကြေးပုံမှန် လည်ပတ်နိုင်ရန် အဓိက အရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခုကာလတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ခက်ခဲပင်ပန်းစွာဖြင့် ဖြေရှင်း ဆောင်ရွက်လျက်ရှိပြီး မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ဖြင့်သာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆူပူမှုများအား ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ တာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်မှုအပေါ် ယခင်က ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုအခါ အနောက်နိုင်ငံများမှအပ အခြားနိုင်ငံများက မိမိတို့၏ ဆောင်ရွက်မှုသည် ပြည်တွင်းရေး ကိစ္စဖြစ်သဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားနေကြောင်း၊ မိမိတို့အနေဖြင့်  မဲစာရင်း မသမာမှုများအား စိစစ်လျက်ရှိပြီး  နိုင်ငံတကာနှင့် ပြည်သူလူထု သိရှိနိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ရိုးသားစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက စည်းကမ်း ပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် ပြုလုပ်၍ နိုင်ငံတော် အပေါ် သစ္စာဖောက်မှုနှင့် တိုင်းပြည်ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး၊  ပြည်ပအကြံပေးများ ခန့်အပ်ဆောင်ရွက်ခဲ့သည့်ကိစ္စ၊ သတင်းများမှန် ကန်စွာ ထုတ်လွှင့်ရေးအတွက် သတင်းမီဒီယာကောင်စီမှတစ်ဆင့် ထိန်းသိမ်း ဆောင်ရွက်ရန်ကိစ္စ၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ရေးနှင့် ဝန်ထမ်းစည်းမျဉ်း  စည်းကမ်းများအား ဖောက်ဖျက်သည့် ဝန်ထမ်းများအား အရေးယူ ဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံတော်ဘဏ္ဍာငွေ အကုန်အကျ သက်သာစေရေးအတွက် ရေအားလျှပ်စစ်ထုတ် လုပ်ရေးကိစ္စ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုများအား အရေးယူရေးကိစ္စ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဝင်/အထွက် စစ်ဆေးရေး ဂိတ်များမှ စနစ်တကျ စစ်ဆေးဆောင်ရွက်ရေးကိစ္စ၊ တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရေးကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နေသည့်ကိစ္စနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်းလိုင်းများ ပြေးဆွဲနေမှုနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့် ဆောင်ရွက်ပေးခဲ့ရာတွင် ပြစ်ဒဏ်ကြီးလေး သူများမှအပ တတ်နိုင်သမျှ ပြစ်ဒဏ်များကို လျော့ပေါ့ပေးခဲ့ကြောင်း၊ ၎င်းတို့အား ပြင်ပ၌ ဒီမိုကရေစီကျင့်စဉ် နှင့်အညီ နေထိုင်နိုင်ပြီး အခွင့်အရေးများ မဆုံးရှုံးစေဘဲ ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် နေထိုင်နိုင်စေရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် သတင်းမှားများဖြင့် ပြည်သူလူထု အထင်အမြင် လွှဲမှားစေရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိအနေဖြင့် သတင်းမီဒီယာကောင်စီအား နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားကြောင်း၊ သတင်းများကို ထုတ်ပြန်ရာတွင် မှန်ကန်မှုနှင့် မြန်ဆန်မှုရှိရန် လိုကြောင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်နိုင်ရန် စီစဉ်လျက်ရှိပြီး  တာဝန်ပျက်ကွက်သည့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန် မှာကြားထားကြောင်း၊ နောင်ကာလများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည် နေထိုင်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထာဝရခိုင်မြဲသည့် ပြည်ထောင်စုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကို ဖြေရှင်းရာတွင် လုံခြုံရေးတပ်ဖွဲ့များအား ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး အတွက်  ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် မည်သည့်နယ်ပယ်က လာသည်ဖြစ်စေ နိုင်ငံတော်ကို ကိုယ်စားပြုသူများဖြစ်သဖြင့်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက်သွားကြ စေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။