ကိုဗစ်-၁၉ အပြင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုပါ မြင့်တက် လာနေသည့် အင်ဒိုနီးရှား

ကိုဗစ်-၁၉ အပြင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုပါ မြင့်တက် လာနေသည့် အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံ ဆိုတာ အရှေ့တောင် အာရှဒေသမှာ   နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ် ပွားသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဇွန် ၂၂ ရက်အထိထုတ်ပြန်ချက် အရဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄၆၈၄၅ ဦးရှိတာကိုတွေ့ရပါ တယ်။ သေဆုံးသူစုစုပေါင်းကတော့ ၂၅ဝဝ ကျော်သွားပါပြီ။ ဒီလိုသေဆုံးသူပမာဏဟာ အရှေ့အာရှဒေသမှာတော့ တရုတ်နိုင်ငံ ပြီးရင် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်   အင်ဒိုနီးရှားအစိုးရဟာ  သူ့နိုင်ငံအတွင်းမှာ   နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နံှ့မှုကိုထိန်းချုပ်နိုင်ဖို့ အသည်း အသန်ကြိုးပမ်းနေရပါတယ်။ ဒီအချိန်မှာပဲ အင်ဒိုနီးရှားအစိုးရအတွက် တစ်ပူပေါ်နှစ်ပူဆင့်စေတာက  သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်လာမှုပါ။ သွေးလွန်တုပ်ကွေးရောဂါဆိုတာကတော့ အဓိကအားဖြင့် ခြင်ကိုက်ခံရရာမှ ခြင်မှာပါ လာတဲ့ ဒန်းဂီးဗိုင်းရပ် ကူးစက်ခံရမှုကြောင့် ဖြစ်တဲ့   အပူပိုင်းရောဂါတစ်မျိုးဖြစ်ပါ တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီလကနေ အခုအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၈ဝဝဝ ကျော်ရှိပါတယ်။ ဒီရောဂါကြောင့်သေဆုံးသူအရေအတွက်ကတော့ ၃၄၉ ဦးပါ။ သွေးလွန်တုပ်ကွေးရောဂါဟာ အချိန်မီ ကုသရင်  အသက်သေဆုံးနိုင်ခြေနည်းပါး ပါတယ်။ ဒါပေမဲ့ ကူးစက်မှုနှုန်းကတော့  အလွန်မြင့်မားတယ် ဆိုတာ ကိုဗစ်-၁၉  ရောဂါကူးစက်မှုနှုန်းနဲ့နှိုင်းယှဉ်ကြည့်ရင်  မြင်တွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီဖြစ်တဲ့ မတ်လမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူအရေအတွက် အများဆုံးဖြစ်ပါတယ်။ မတ်လနောက်ပိုင်းမှာတော့ အဲဒီရောဂါ ဖြစ်ပွားသူဟာ တစ်စထက်တစ်စလျော့ကျ သွားလေ့ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အဲဒီလိုမဟုတ် ပါဘူး။  အခုဇွန်လအထိကို သွေးလွန် တုပ်ကွေးရောဂါ   ဖြစ်ပွားသူဦးရေဟာ  တစ်ရက်ကို အယောက် ၁ဝဝ ကနေ ၅ဝဝ  ကြားရှိတာကိုတွေ့ရပါတယ်။ ဒီနှစ်မှာမှ ဘာကြောင့်သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ဆက်တိုက်မြင့်တက်လာ ရတာလဲဆိုတာကိုလည်း ကျန်းမာရေး ပညာရှင်တွေက အဖြေမရှာနိုင်ဖြစ်နေပါ တယ်။ ဒါကြောင့် အင်ဒိုနီးရှားတာဝန်ရှိသူ တွေအနေနဲ့ တစ်ပူပေါ်နှစ်ပူဆင့်နေရတယ် လို့ပြောရတာပါ။ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်နယ် ၃၄ ခုရှိ  ဒေသ ၄၆ဝ မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေရှိနေပါတယ်။  အဲဒီထဲကမှ  ဒေသ ၄၃၉ ခုမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေရှိနေပါတယ်။ တချို့လူနာတွေဆိုရင်   သွေးလွန် တုပ်ကွေးရောဂါအပြင် ကိုဗစ်-၁၉ ရောဂါ ကိုပါပူးတွဲခံစားနေရတာပါ။ တကယ် လို့ ကိုဗစ်-၁၉ ရောဂါဖြစ်နေသူတွေဆိုရင် လည်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံ ရဖို့ ဖြစ်နိုင်ခြေ အလွန် များပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါဟာ လည်း ကိုဗစ်-၁၉ ရောဂါလိုပဲ ကုသဖို့ ဆေးမရှိသေးတဲ့အပြင် ရှိထားတဲ့ ကာကွယ် ဆေးကလည်း ကောင်းစွာထိရောက်မှု မရှိဘူးလို့  ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး တစ်ဦးဖြစ်တဲ့ ဆီတီ နာဒီယာတာမီဇီက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှစပြီး    သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ    တစ်စထက်တစ်စ လျော့ကျ လာတာကို တွေ့ ရပါတယ်။ ၂ဝ၁၆ ခုနှစ်မှာဆိုရင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂ဝ၄၁၇၁ ဦးရှိပါတယ်။ သေဆုံးသူအရေအတွက် ကတော့ ၂ဝ၁၆ ခုနှစ်မှာ ၁၅၉၈ ဦး၊ ၂ဝ၁၇ ခုနှစ်မှာ ၄၉၃ ဦး၊ ၂ဝ၁၈ ခုနှစ်မှာ ၃၄၄ ဦးနဲ့ ၂ဝ၁၉ ခုနှစ်မှာ ၉၁၇ ဦးရှိပါတယ်။ လက်ရှိမှာတော့ သွေးလွန်တုပ်ကွေး ရောဂါကူးစက်မှုကလည်း မလျော့ကျသေးတဲ့အပြင်မြင့်တက်နေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက်ကလည်း   နှစ်ဝက်မှာတင် အယောက် ၃ဝဝ ကျော်နေတဲ့အတွက် ယခုနှစ်ကုန်အထိဆိုရင် ရောဂါဖြစ်ပွားသူ တစ်သိန်းကျော်နိုင်ပြီး   သေဆုံးသူအရေ အတွက်ကလည်း ထပ်မံမြင့်တက်လာနိုင် ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ် ကူးစက်မှုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တာကြောင့် ဗိုင်းရပ်ကူးစက်ခံရပြီး သီတင်း ပတ် နှစ်ပတ်နီးပါးကြာမှသာ ရောဂါလက္ခဏာ ပြလေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ တွေက ကိုယ်အပူချိန် အလွန်မြင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊  အန်ခြင်း၊ ခန္ဓာကိုယ်  နာကျင်ခြင်းနဲ့ အနီစက်များ ပေါ်ခြင်းတို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေဖို့ အတွက် တစ်ခုတည်းသောကာကွယ်နည်းက  ခြင်ကိုက် မခံရစေရေးပဲ ဖြစ်ပါ တယ်။ ဒါ့အပြင်  မိမိ ပတ်ဝန်းကျင်မှာ ခြင်ပေါက်ပွားမှုလုံးဝ မရှိသည်အထိ ကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။