ကလိန်အောင်မြို့နယ်အတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၂ဝ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် ကလိန်အောင်မြို့ ၏မြောက်ဘက် ၃၆ မိုင်ခန့်အကွာရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး နေစဉ် ရန်ကုန်ဘက်မှ ထားဝယ်ဘက်သို့ သန့်ဇင်(ဘ)ဦးတင်ရွှေ မောင်းနှင်ပြီး စန်းမောင်မောင် (ဘ)ဦးရာဇာ၊ မသန္တာစိုး(ဘ) ဦးမောင်မောင်ကြီးနှင့် ဒေါ်နွယ်နွယ်ဝင်း(ဘ)ဦးဝင်းမြိုင်တို့ လိုက်ပါ လာသည့် NISSAN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ BB/---- ယာဉ်အား ရပ်တန့်စစ်ဆေးရာ စန်းမောင်မောင်ထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅ဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၉ဝ ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ကလိန်အောင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။