မြန်မာ့လက်ရွေးစင် အသင်းနှင့် ဂျော်ဒန် လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲကစားရန် ပြန်လည် ညှိနှိုင်းဖွယ်ရှိ

နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရန်စီစဉ် ထားသည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းနှင့် ဂျော်ဒန်လက်ရွေးစင် အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲကို ညှိနှိုင်းမှုများပြန်လည်ပြုလုပ်ပြီးမှ အတည် ပြုထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မူလက မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ အကြို ပြင်ဆင်မှုအဖြစ် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ဂျော်ဒန်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ကျင်းပ မည့် ၂ဝ၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲများကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့သည့်အတွက် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ဂျော်ဒန် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကိုလည်း ပြန်လည်ညှိနှိုင်းရန် စီစဉ်ခြင်းဖြစ်သည်။

''အရင်က ဂျော်ဒန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို ကစားဖို့ စီစဉ်ထားပေမယ့် အခု ခြေစစ်ပွဲတွေ ရွှေ့ဆိုင်းလိုက်တဲ့အတွက် ပြန်လည်ညှိနှိုင်းရပါမယ်။ ဂျော်ဒန်အသင်းအနေနဲ့ ဆက်ကစားချင်လား၊ ရွှေ့ ဆိုင်းမလားဆိုတာကို ညှိနှိုင်းရ ပါမယ်''ဟု ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မူလက ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ၂ဝ၂၂ ကမ္ဘာ့ ဖလား အာရှဇုန် ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း FIFA ၏ ထုတ်ပြန် ချက်အရ ပွဲစဉ်များ ရွှေ့ဆိုင်းခဲ့သဖြင့် လာမည့်နှစ်မှသာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ၂ဝ၂ဝ  အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို  မူလက နိုဝင်ဘာလအတွင်း ကျင်းပရန်စီစဉ်ထားသော်လည်း ၂ဝ၂၁ ခုနှစ်သို့ ပြောင်းရွှေ့ကျင်းပရန် အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။