ဆီနိုဖမ်း ကုမ္ပဏီက အင်ဒိုနီးရှားသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၄ဝ ထောက်ပံ့မည်

တရုတ်နိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဆီနိုဖမ်းကုမ္ပဏီသည် နိုဝင်ဘာလနှင့်လာမည့် နှစ်မတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးပေါင်း သန်း ၄ဝ ထောက်ပံ့မည်ဟု ကတိပြုထားကြောင်း အင်ဒိုနီးရှားဝန်ကြီး တစ်ဦးက သြဂုတ် ၂ဝ ရက်တွင်ပြော သည်။

ဆီနိုဖမ်းကုမ္ပဏီက ထုတ်လုပ်မည့် ကိုရိုနာဗက် အမည်ရှိ ကာကွယ်ဆေး အမြောက်အမြား ဝယ်ယူရန် နှင့် နိုဝင်ဘာလမှ လာမည့်နှစ် မတ်လအတွင်း ထိုကာကွယ်ဆေးများကို ရရှိနိုင်ရန် အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ၎င်း၏တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ထိုကုမ္ပဏီနှင့် ပဏာမသဘောတူ စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ ကာကွယ်ဆေးများကို ရရှိပြီးပါက အင်ဒိုနီးရှားနိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် ဘိုင်အိုဖာမားကုမ္ပဏီက ၂ဝ၂၁ ခုနှစ် အကုန်ပိုင်းတွင် ထိုကာကွယ်ဆေးကို ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်ကြောင်း ရတ်နိုမာဆူဒီကပြောသည်။ အင်ဒိုနီးရှားနိုင်ငံ၌ လူဦးရေ သန်း ၂၆ဝ ရှိသောကြောင့် ၎င်းတို့အားလုံးအတွက် လိုအပ်မည့် ကာကွယ်ဆေးများ ရရှိနိုင်ရေး ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်နေပြီး ပြည်တွင်းတွင်လည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်။

ယင်းနိုင်ငံ၌ သြဂုတ် ၂၁ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၂၁၉၇ ဦးရှိသည့်အတွက် ဗိုင်းရပ်ကူးစက်ခံရ သူစုစုပေါင်း ၁၄၉၄ဝ၈ ဦးအထိ မြင့်တက်လာကာ နောက်ထပ်သေဆုံးသူ ၈၂ ဦးရှိသောကြောင့် သေဆုံး သူစုစုပေါင်း ၆၅ဝဝ အထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှဒေသ၌ ဗိုင်းရပ်ကူးစက်မှုကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။