ကူးစက်မှု ၁ဝ ဆမြန်တဲ့ သန္ဓေပြောင်း ဗိုင်းရပ်နဲ့ သိထားသင့်တဲ့ သူ့ရဲ့အကြောင်း

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်နေတာ ဒီကနေ့ဆိုရင် တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်ခံရသူ ၂၂ ဒသမ ၈ သန်းကျော်လာပါပြီ။ သေဆုံးသူအရေအတွက်ကတော့ ရှစ်သိန်းနီးပါးပါ။ နိုဗယ်ကိုရိုနာဗိုင်းရပ်ရဲ့ တရားဝင်အမည်ကတော့ SARS-CoV-2 ဖြစ်ပါတယ်။ သူ့ရဲ့ပင်မဗိုင်းရပ် အမျိုးအစားကတော့ ကိုရိုနာ ဗိုင်းရပ်ပါ။ ဒါကြောင့်နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ကိုရိုနာဗိုင်းရပ်ရဲ့ မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။

အခုလတ်တလော တောင်အာရှ၊ အရှေ့တောင်အာရှမှာ အတွေ့များလာရတဲ့ ဗိုင်းရပ်ကတော့ SARS-CoV-2 ဗိုင်းရပ်ရဲ့ သန္ဓေပြောင်းဗိုင်းရပ်တစ်မျိုးဖြစ်ပါတယ်။ ကူးစက်မှုကလည်း မူလဗိုင်းရပ်ထက် ၁ဝ ဆပိုပြီးမြန်ဆန်တယ်လို့ဆိုပါတယ်။ အဲဒီသန္ဓေပြောင်းဗိုင်းရပ်ကိုတော့ D614G လို့ခေါ်ပါတယ်။ သန္ဓေ ပြောင်း ဗိုင်းရပ်မှာပါတဲ့ စပိုက်ပရိုတိန်းဟာ အမှတ်(၆၁၄)မှာ အမိုင်နိုအက်စစ် တစ်မျိုးဖြစ်တဲ့ အက်စပါ တစ်အက်စစ်(D)ကနေ တခြားအမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလိုက်စင်း(G)ကို ကူးပြောင်းသွားတဲ့ အတွက် အဲဒီသန္ဓေပြောင်းဗိုင်းရပ်ကို D614G လို့ခေါ်တာဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒီသန္ဓေ ပြောင်းဗိုင်းရပ်ကို ဖေဖော်ဝါရီလကတည်းက ဥရောပဒေသမှာ တွေ့ရှိတာဖြစ်ပြီး မတ်လမှာတော့ အမေရိကန်နိုင်ငံမှာ တွေ့ရှိတာဖြစ်ပါတယ်။ အရှေ့တောင် အာရှဒေသမှာတော့ တွေ့ရှိတာမကြာသေး ပါဘူး။

D614G ရဲ့ကူးစက်နိုင်စွမ်း

D614G သန္ဓေပြောင်းဗိုင်းရပ်ဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း မူလဗိုင်းရပ်ထက် ကူးစက်မှုနှုန်း အလွန် မြန်ဆန်တာကို တွေ့ရတယ်လို့ ဇီဝဗေဒနဲ့မျိုးရိုးဗီဇပညာရှင် ဒေါက်တာဘတ်ကော်ဘား ဦးဆောင်တဲ့ သုတေသနအဖွဲ့က တွေ့ရှိထားပါတယ်။ အလားတူပဲ တရုတ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဆိုရင်လည်း ဒီသန္ဓေပြောင်း ဗိုင်းရပ်ဟာ ဝူဟန်-၁ လို့ ဒေသအခေါ်ပေးထားတဲ့မူလဗိုင်းရပ်ထက် ကူးစက်မှုနှုန်း ၁ဝ ဆ ပိုမိုမြန်ဆန်တယ်လို့ ဖော်ပြထားပါ တယ်။ လက်ရှိကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်က မူလကိုရိုနာဗိုင်းရပ် မဟုတ်ဘဲ သန္ဓေပြောင်း ဗိုင်းရပ်ဖြစ်တဲ့ D614G သာဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ၉၇ ရာခိုင်နှုန်းပါ။

သူ့ရဲ့ကူးစက်နိုင်စွမ်းကိုသိချင်ရင်တော့ တစ်ရက်အတွင်း တစ်ကမ္ဘာလုံးမှာတွေ့ရှိတဲ့ ဗိုင်းရပ်ကူးစက်ခံရ သူ အရေအတွက်ကို ကြည့်နိုင်ပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်အတွင်း ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်က နှစ်သိန်းခွဲဝန်းကျင်ရှိလာတာကို တွေ့ရမှာပါ။

D614G ကြောင့်လူသေဆုံးမှုနှုန်း

ဗိုင်းရပ်ကူးစက်မှုနှုန်းမြန်ဆန်တာနဲ့ လူသေဆုံးမှုနှုန်းများမယ်ဆိုပြီးတော့ တချို့ကထင်ကြမှာပါ။ ဒါပေမဲ့ အများထင်နေသလိုမဟုတ်ပါဘူး။ D614G ဟာ ကူးစက်မှုနှုန်းမြန်တာမှန်ပါတယ်။ သို့သော်လည်း လေ့လာတွေ့ရှိချက်တွေအရတော့ လူသေဆုံးမှုနှုန်းကို သိသိသာသာ ပြောင်းလဲသွားစေတာ မရှိပါဘူး။ ဒေါက်တာ ဘတ်ကော်ဘားနဲ့အဖွဲ့ဟာ ဗြိတိန်နိုင်ငံမှာရှိတဲ့ ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၁ဝဝဝ နီးပါးကို လေ့လာဆန်းစစ်မှုတွေလုပ်ခဲ့ရာ သူတို့တွေမှာ ဗိုင်းရပ်ရဲ့ RNA ပမာဏမြင့်တက်နေတာ ကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဆေးရုံတက်ရောက်ကုသမှု ခံယူရတဲ့ အရေအတွက် ကွဲပြားမှုကိုတော့ မတွေ့ ရှိပါဘူး။ ဆိုလိုတာက သန္ဓေပြောင်းဗိုင်းရပ်ကူးစက်မှုဟာ ရောဂါပြင်းထန်မှုအပေါ် ကြီးကြီးမားမား ပြောင်းလဲစေခြင်း မရှိဘူးဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။

ရောဂါကုသရေးအပေါ် စိန်ခေါ်မှု

တကယ်တမ်းကြည့်ရင် သန္ဓေပြောင်း ဗိုင်းရပ်ကို မူလဗိုင်းရပ်နဲ့နှိုင်းယှဉ်ရင် စပိုက်ပရိုတိန်းမှာသာ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ လူသားတွေရဲ့ ကလာပ်စည်းမှာရှိတဲ့ ဗိုင်းရပ်လက်ခံရာ နေရာတွေ ကိုချိတ်ဆက်တဲ့အပိုင်းမှာ ပြောင်းလဲမှုမရှိပါဘူး။ ဗိုင်းရပ်ကိုတိုက်ထုတ်တဲ့ ကိုယ်ခံအား စနစ်ဆိုတာက လည်း ကလာပ်စည်းမှာရှိတဲ့ ဗိုင်းရပ်လက်ခံရာနေရာတွေကို အဓိကထားပြီး တိုက်ခိုက်တာပါ။

ဒီအခြေအနေမှာ မူလဗိုင်းရပ်ရဲ့ကလာပ်စည်းမှာ တွယ်ကပ်နိုင်စွမ်းနဲ့ သန္ဓေပြောင်း ဗိုင်းရပ်ရဲ့ ကလာပ် စည်းမှာတွယ်ကပ်နိုင်စွမ်းတို့ကြားမှာ ပြောင်းလဲတာမရှိတဲ့အတွက် ကိုယ်ခံအားစနစ်ကို တုံ့ပြန်မှုဖြစ်စေ တဲ့ဂုဏ်သတ္တိကိုလည်း ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် D614G သန္ဓေပြောင်း ဗိုင်းရပ်ဟာ ကိုဗစ်-၁၉ ရောဂါကုသရေး အပေါ် ကြီးမားတဲ့စိန်ခေါ်မှုမရှိပါဘူး။ လက်ရှိလုပ်ဆောင်နေတဲ့ ကုသနည်း တွေနဲ့ပဲ ရင်ဆိုင်နိုင်ပါတယ်။ ဒါ့အပြင် လက်ရှိဖော်စပ်ထုတ်လုပ်စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ် ဆေးတွေဟာ ကိုယ်ခံအားကိုသာ တိုးမြှင့်ပေးတာမျိုး၊ ဗိုင်းရပ်ကို တိုက်ထုတ်နိုင်မယ့် ပဋိပစ္စည်းတွေ ထွက်လာအောင်လှုံ့ဆော်ပေးတာမျိုးတွေသာ ဖြစ်တဲ့အတွက် လတ်တလော ဗိုင်းရပ်ကာကွယ်ဆေး ထုတ်လုပ်မှုကိုလည်း အဟန့်အတား မဖြစ်စေပါဘူး။

ဗိုင်းရပ်ကူးစက်ခံရသူတွေ ဘာကြောင့်သေ

ဒီနေရာမှာပြောစရာရှိတာက လူနာတွေကို ကုသမှုတွေပေးနေပါလျက်နဲ့ လူသေဆုံးမှု တွေရှိနေတာပါ ပဲ။ ဒီအပိုင်းမှာတော့ ဗိုင်းရပ်ကြောင့်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဗိုင်းရပ် ကူးစက်မှုက ပြင်းထန်တာမှန်ပေမယ့် လူတစ်ဦးချင်းစီရဲ့ အသက်အရွယ်နဲ့ ကိုယ်ခံအားအပေါ် အများ ကြီး မူတည်နေတာဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူအများဆုံးဟာ သက်ကြီးရွယ်အိုတွေပါ။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် အသက်၇၅ နှစ်နဲ့အထက်က ၅ဝ ရာခိုင်နှုန်းနီးပါး၊ အသက် ၆၅ နှစ်နဲ့အထက်က ၂၅ ရာခိုင်နှုန်းနီးပါး၊ အသက် ၄၅ နှစ်နဲ့အထက်က ၂၃ ရာခိုင်နှုန်းနီးပါးနဲ့ ကျန်တာတွေကတော့ သက်ငယ်ပိုင်းတွေဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးအချိုးမှာဆိုရင် လည်း သေဆုံးသူတွေထဲမှာ အမျိုးသားက ပိုများပြီး ရာခိုင်နှုန်းအားဖြင့် ၆ဝ ကျော် ရှိပါတယ်။

ဒီအခြေအနေနှစ်ရပ်က ဘာကိုပြလဲဆိုရင် ဗိုင်းရပ်ကူးစက်ခံရသူတိုင်း သေဆုံးရတာ မဟုတ်ဘဲ ကိုယ်ခံ အား ကျဆင်းနေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုများနဲ့ နဂိုရောဂါအခံရှိသူတွေသာ သေဆုံးမှုများတယ်ဆို တာကို ဖော်ပြနေတာပါ။

ဗိုင်းရပ်ကူးစက်မှု မခံရလေအောင်

နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ မည်သို့ပင် ကူးစက်မှု ပြင်းထန်တယ်ပြောပြော မကူးစက်အောင် ကာကွယ်နိုင် တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခြေခံအကျဆုံး ကာကွယ်နည်းကတော့ လူကြားထဲမှာ နှာခေါင်းစည်းတပ်ခြင်းနဲ့ ရေနဲ့ဆပ်ပြာအသုံးပြုပြီး လက်ကိုမကြာခဏဆေးခြင်းပါပဲ။

အရင်ဆုံး ဗိုင်းရပ်ကူးစက်နိုင်တဲ့နည်းလမ်းကို သိထားရပါမယ်။ ဗိုင်းရပ်ကူးစက်နိုင်တဲ့ နည်းလမ်းက တော့ ဗိုင်းရပ်ကူးစက် ခံထားရသူက နှာချေချောင်းဆိုးလိုက်ချိန် ထွက်လာတဲ့ အမှုန်အမွှားတွေမှာ ဗိုင်းရပ်တွေပါလာပြီး တခြားသူက အဲဒီဗိုင်းရပ်တွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ထိတွေ့မိလိုက်တဲ့ အခါမှာ ဗိုင်းရပ်ကူးစက်မှုက ပျံ့နှံ့သွားတာဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်ခံထားရသူ တစ်ယောက်ဟာ ကိုယ်ခံအားကောင်းနေချိန်မှာတော့ ရောဂါလက္ခဏာတွေ ပြမှာမဟုတ်တဲ့အတွက် သတိလက်လွတ်နေတတ်ပါတယ်။ ဒီလိုမျိုး သတိလက်လွတ်နေခြင်းဟာ ဗိုင်း ရပ်ကို အသံတိတ် ဖြန့်ဖြူးနေသလိုပါပဲ။ သတိမမူဂူမမြင်ဆိုသလို လူတိုင်းဟာ ပေါ့ဆတတ်ကြပါတယ်။ ဗိုင်းရပ်ဆိုတာကလည်း လူတွေဘယ်အချိန်မှာပေါ့ပေါ့ဆဆ နေမလဲဆိုတာကို စောင့်နေတာပါ။ တစ် နည်းအားဖြင့်ပြောရရင် လူတွေကပေါ့ပေါ့ဆဆနဲ့ သွားလာနေချိန်မှာ ဗိုင်းရပ်က ကူးစက်နှင့်ပြီးပါပြီ။

ဒါကြောင့် ဗိုင်းရပ်ကာကွယ်ရေးနည်းလမ်းများစွာ ရှိတဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ နှာခေါင်းစည်း တပ်ခြင်းနဲ့ လက်ဆေးခြင်းကို မမေ့မလျော့မပေါ့မဆဘဲ သတိရှိရှိနဲ့လုပ်သင့်ပါတယ်။ နောက်ထပ် ဗိုင်းရပ် ကာကွယ်ရေးနည်းလမ်းတွေကတော့ လူတစ်ဦးနဲ့တစ်ဦးအနည်းဆုံး ၆ ပေအကွာတွင်နေခြင်း၊ လူထူထပ်သောနေရာများသို့ သွားလာမှု ရှောင်ကြဉ်ခြင်း၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်နဲ့ မကြာခဏ ထိတွေ့ကိုင်တွယ်မှုကို ရှောင်ကြဉ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်းနဲ့ ကိုယ်ခံ အားကောင်းအောင် ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

တိုက်တွန်းချက်

အထက်မှာဆိုခဲ့သလို သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်ဟာ ကူးစက်မှု အင်မတန်မြန်ဆန်ပါတယ်။ တစ်ချက် ကလေးမှ သတိလွတ်ပေါ့ဆလို့မရပါဘူး။ သတိလက်လွတ်ဖြစ်ပြီး ပေါ့ဆလိုက်တာနဲ့ ကိုယ့်ကိုဗိုင်းရပ် ကူးစက်ခံရနိုင်တယ်ဆိုတာ သတိချပ်ပါ။ ကိုယ်က ကိုယ်ခံအားကောင်းနေချိန် ဗိုင်းရပ်ကူးစက်မှု လက္ခဏာ မပြပေမယ့်လည်း ကိုယ့်ကြောင့် သူတစ်ပါးကို ဆင့်ကဲမကူးစက်စေဖို့ လိုအပ်တဲ့ အကာ အကွယ်များကို အသုံးပြုပါ။

ကိုယ့်မှာ ဗိုင်းရပ်ကူးစက် ခံထားရလားဆိုတာ စစ်ဆေးကြည့်မှ သိနိုင်တာဖြစ်တဲ့အတွက် ဗိုင်းရပ် ကူးစက်မှုရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူခြင်း၊ ချောင်းခြောက်ဆိုးခြင်း ၊ အသက်ရှူ မဝခြင်း ၊ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း၊ လည်ချောင်း နာခြင်း၊ ဝမ်းလျှောခြင်း၊ အနံ့အရသာမရတော့ခြင်း၊ အရေပြားတွင် အဖုအပိမ့်များထွက်ခြင်းတို့ ဖြစ်ပြီ ဆိုရင် ရောဂါစစ်ဆေးကုသမှုခံယူပါ။

သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာပါ။ လမ်းညွှန်ချက်တွေ အတိုင်းသာ လိုက်နာမယ်ဆိုရင် ဗိုင်းရပ်ကူးစက်နိုင်မှု အန္တရာယ်ကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ် ဆိုတဲ့အတိုင်း လူသားအားလုံး အစိုးရိမ်မလွန်ဘဲနဲ့ အမြဲမပြတ်သတိကပ်လို့ ကမ္ဘာ့ကပ် ရောဂါ ကိုကျော်လွှားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ထက်မြတ်