ပေကျင်းမြို့ ၌ နေသူများ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက် သွားလာနိုင်ပြီ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူမရှိသည်မှာ ၁၃ ရက်အထိရှိလာချိန်တွင် ဒေသခံများအနေဖြင့် နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သွားလာခြင်းကို အာဏာပိုင်များက ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူများအတွက် ကျန်းမာရေး လမ်းညွှန်မှုများကို တာဝန်ရှိသူများက ဖြေလျှော့ပေးထားသော်လည်း သြဂုတ် ၂၁ ရက်တွင် နှာခေါင်းစည်းများတပ်၍ အပြင်ထွက် သွားလာနေသူများ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။ နှာခေါင်းစည်းတပ်ထားခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံစိတ်ချရသည်ဟု ခံစားရ ကြောင်းနှင့် နှာခေါင်းစည်းတပ်ရန် အခြားသူများက တွန်းအားပေးခြင်းကြောင့် နှာခေါင်းစည်း တပ်ထား ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပေကျင်းမြို့၌ အသွားအလာ တားမြစ်ကန့်သတ်မှုများ ချမှတ်ခြင်းကြောင့် ဗိုင်းရပ်ကူးစက်မှုကို ထိ ရောက်စွာထိန်းချုပ်နိုင်ပြီးနောက် ကျန်းမာရေး တာဝန်ရှိသူများက ဒေသခံများ နှာခေါင်းစည်းများ မတပ်ရန် ဖြေလျှော့ပေးသည်မှာ ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။ နှာခေါင်းစည်း မတပ်ရန် ပထမအကြိမ်ဖြေလျှော့မှုက ဧပြီလနှောင်းပိုင်းတွင်ဖြစ်ပြီး ဗိုင်းရပ်ကူးစက်မှု ပြန်ဖြစ်သည့်ဇွန်လတွင် ဖြေလျှော့မှုကို ပြန်လည်တင်းကျပ် လိုက်ရခြင်းဖြစ်သည်။