ဟောင်ကောင်ဒေသခံ အားလုံးကို စက်တင်ဘာ ၁ ရက်မှစ၍ ဗိုင်းရပ် စစ်ဆေးပေးမည်

ဟောင်ကောင်အထူးဒေသရှိ ဒေသခံအားလုံးကို စက်တင်ဘာ ၁ ရက်မှစ၍ နိုဗယ်ကိုရိုနာ ဗိုင်းရပ် စစ်ဆေးပေးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက သြဂုတ် ၂၁ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ဓာတ်ခွဲခန်းများ၏အကူအညီဖြင့် အဆိုပါ အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသခံအားလုံးကို ဗိုင်းရပ်စစ်ဆေးရန် သီတင်းပတ် နှစ်ပတ်ကြာမည်ဖြစ်သည်။ ထို့ပြင် ဒေသခံအားလုံးအနေဖြင့် ဗိုင်းရပ်တစ်ကြိမ်စစ်ဆေးမှုကို အခမဲ့ရရှိမည်ဖြစ်ကာ ယခုကဲ့သို့ ဒေသခံ အားလုံးကို ဗိုင်းရပ်စစ်ဆေးပေးခြင်းက တရုတ်ပြည်မကြီး အပြင်ဘက်တွင် ပထမဆုံး လုပ်ဆောင်မှုလည်းဖြစ်သည်။

ဟောင်ကောင်ဒေသအတွင်း နောက်တစ်ကျော့ ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လိုအပ်သည်များ ကို အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရချည်း သက်သက်ဆိုပါက ယခုကဲ့သို့ ဒေသခံအားလုံးကို ဗိုင်းရပ်စစ်ဆေးမှု လုပ်နိုင်မည်မဟုတ်ကြောင်း၊ ထိုအစီအစဉ်ကို အကောင် အထည်ဖော်နိုင်ရန်ကူညီပေးသော တရုတ်အစိုးရကို အထူးကျေးဇူးတင်ကြောင်း ကယ်ရီ လမ်းကပြောသည်။

ဟောင်ကောင်ဒေသခံအားလုံးကို ဗိုင်းရပ်စစ်ဆေးမှုတွင် တရုတ်ပြည်မကြီးမှ ပညာရှင်အယောက် ၆ဝ ပါအဖွဲ့ကကူညီမည်ဖြစ်ပြီး ဟောင်ကောင်ဒေသအတွက် ထိုသို့ကူညီမှုသည် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် တရုတ်အစိုး၏ ပထမဆုံးကူညီမှု ဖြစ်သည်။ ယခုကဲ့သို့ ဒေသခံအားလုံးကို ဗိုင်းရပ် စစ်ဆေးခြင်းကြောင့် အသံတိတ်ဗိုင်းရပ် ဖြန့်ဖြူးသူများကို တွေ့ရှိနိုင်သည့်အတွက် ဗိုင်းရပ်ကူးစက်မှုကို ရပ်တန့်နိုင်စေမည်ဖြစ်သည်။ သို့သော် လူဦးရေ ၇ သန်းရှိသော ဟောင်ကောင်ဒေသ၌ လူဦးရေမည်မျှက ဗိုင်းရပ်စစ်ဆေးမှု လာရောက်ခံယူမည်ကို မသိရသေးသည့်အတွက် ထိုစစ်ဆေးမှုတွင် ဒေသခံများပါဝင် ပေးရန် ကယ်ရီလမ်းက တောင်းဆိုထားကြောင်း သိရသည်။