မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကလပ်အသင်းတချို့ လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ပြန်လည်ကျင်းပရန် လျာထားသည့် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲအတွက် ကလပ်အသင်းတချို့  သြဂုတ်ဒုတိယပတ်မှစ၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သက်ဆိုင်ရာ အသင်းတာဝန်ရှိသူများက ပြောသည်။

COVID-19 ရောဂါကြောင့် ယခုနှစ်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲကို ပထမအကျော့ပွဲစဉ်များ အပြီးတွင် ရပ်နားထားရ သည်။ လက်ရှိတွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြန်မာနေရှင်နယ်လိဂ်-၂ ဒုတိယအကျော့  လက်ကျန် ပွဲစဉ်များကို ပြန်လည်ကျင်းပခွင့်ရရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ  လိဂ်ကော်မတီက တင်ပြထားသည်။

ထို့ကြောင့် ဒုတိယအကျော့ လက်ကျန် ပွဲစဉ်များအတွက် မြန်မာနေရှင်နယ်လိဂ်-၂ ကလပ် ယောမြေအသင်းအနေဖြင့် သြဂုတ်ဒုတိယပတ်မှစ၍  လေ့ကျင့်မှုများပြုလုပ်နေကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“သြဂုတ်ဒုတိယပတ်လောက်ကစပြီး အသင်းကို  ပြန်လည်လေ့ကျင့်နေတယ်။ လေ့ကျင့်ရေးကွင်းမရှိတဲ့အတွက် မသန်စွမ်း အားကစားကွင်းဖြစ်တဲ့ မြောက်ဒဂုံမဝတ ကွင်းကိုပဲ    ငှားပြီးလေ့ကျင့်နေတယ်။ လေ့ကျင့်မှု လုပ်နေစဉ်အတွင်း ကစားသမားနဲ့ နည်းပြတွေကိုလည်း ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း  စတဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပါတယ်” ဟု ယောမြေအသင်း  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင်   မြန်မာနေရှင်နယ်လိဂ်-၂  ကလပ် ချင်းလန်းအသင်းသည် လေ့ကျင့် မှုများပြုလုပ်နေပြီး သြဂုတ်  ၁၆ ရက်က ဟံသာဝတီယူနိုက်တက်အသင်းနှင့်  ခြေစမ်းပွဲယှဉ်ပြိုင်ရာ  ၅ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

“ဒုတိယအကျော့အတွက် ပြင်ဆင်မှုတွေ စလုပ်နေပါပြီ။ လိဂ်ကဘယ်တော့စရမယ် မှန်းမသိသေးပေမယ့် စတာနဲ့ အဆင်သင့် ဖြစ်အောင် အသင်းကို ကြိုပြီးပြင်ဆင်ထား တာပါ” ဟု ချင်းလန်းအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့်  ကျင်းပနေပြီး ပထမအကျော့ပွဲစဉ်များအပြီးတွင် ဂျူနီယာ လိုင်းယွန်းအသင်းက ရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ မူလက မြန်မာနေရှင်နယ်လိဂ်-၂ ဒုတိယအကျော့ လက်ကျန်ပွဲစဉ်များကို ဇူလိုင်နောက်ဆုံးပတ်တွင်  ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်။       

ကိုရဲ