တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ရေထွက်ပစ္စည်းများ ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ကျောက်တံတားဆိပ်ကမ်း၌ သြဂုတ် ၂၁ ရက်နံနက်ပိုင်းတွင် တစ်ဖက်နိုင်ငံသို့   တရားမဝင်တင်ပို့မည့် ရေထွက်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ   ကော့သောင်းနယ်စပ်မှတစ်ဆင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တရားမဝင်တင်ပို့မှု မရှိစေရေး  သတိပြု ကြပ်မတ်စစ်ဆေးမှုများ  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ကျောက်တံတား ဆိပ်ကမ်း၌ တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချရန် စုပုံထားသော   ရေထွက်ပစ္စည်းများဖြစ်သည့် ကဏန်းမည်း အရှင် ၃၅၀ ကီလို၊ ဂျင်းခရု ၈၀၀ ကီလိုနှင့် မိုင်ဒါးအရှင်အကောင် ၁၀၀ (၄၀ ကီလို)တို့ကို သိမ်းဆည်းရမိသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မိုင်ဒါးအရှင်အကောင် ၁၀၀ အား သဘာဝရေပြင်သို့ ဘေးမဲ့ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်ရေထွက်ပစ္စည်းများအား မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ သိမ်းဆည်းခဲ့ကြောင်း သိရသည်။       

ကျော်စိုး(ကော့သောင်း)