ကျိုးကျသွားသည့် ဖုန်အင်တံတားကို သုံးရက်နှင့်အပြီး ပြုပြင်မည်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် တန်ပိုတင်ဆောင် မောင်းနှင်လာသည့် ၁၀ ဘီးယာဉ်ဖြတ်သန်းမောင်းနှင်မှုကြောင့်    ပျက်စီးကျိုးကျသွားသည့်    ဖုန်အင်တံတားကို သုံးရက်အတွင်း တည်ဆောက် ပြုပြင်မည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့ တံတားအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနီလှထံမှ သိရသည်။

တံတားကျိုးကျပျက်စီးမှုနှင့် ပတ်သက်၍ “တံတားက ၂၀၀၅ ခုနှစ်က တည်ဆောက်ထားတဲ့တံတားပါ။ အရင်ကတော့ ၁၃ တန်ခံနိုင်ဝန်သတ်မှတ်ထားခဲ့ပေမယ့် နှစ်ကြာလာတော့ ရှစ်တန်သာ ဖြတ်သန်းခွင့်ပြုတဲ့ တံတားဖြစ်ပါတယ်။ အခုမောင်းနှင်တဲ့ ယာဉ်က ၁၀ ဘီးအမျိုးအစားယာဉ်ပေါ်မှာ ဘိလပ်မြေအိတ်က ၂၅၀ လောက်၊ ဆိုင်ကယ်က အစီးရေ ၃၀ ကျော်နဲ့ ကုန်ပစ္စည်းမျိုးစုံက ပါသေးတော့ အားလုံးတန်ချိန် ၃၅ တန် လောက်ရှိမယ်။ ခံနိုင်ဝန်ကျော်လွန်လို့ တံတားကျိုးကျတာပါ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ငွေကျပ် ၁၃ သန်းလောက်ရှိပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနီလှက ပြောသည်။

အဆိုပါ တံတားကျိုးကျမှုကြောင့် ပူတာအိုနှင့် မြစ်ကြီးနားကုန်စည် စီးဆင်းမှုများ ယာယီပြတ်တောက်မည်ဖြစ်ကာ တံတားကို အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနီလှနှင့် အင်ဂျင်နီယာများက လုပ်သား ၇၀ ကျော်ကိုဦးဆောင်ကာ     လိုအပ်သည့်ဘေလီသံဘောင်များ တင်ဆောင်၍ လိုအပ်သည့်စက်ယန္တရားများဖြင့် မြစ်ကြီးနား မြို့မှ စတင်ထွက်ခွာပြီးနောက်သြဂုတ် ၂၄ ရက်တွင် အပြီးပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)