ငယ်ဘဝ

ယမန်နေ့မှအဆက်

ဆွမ်း၊ကွမ်းကိစ္စမှစ၍ ဆရာတော်၏ ဝေယျာဝစ္စကိစ္စမှန်သမျှကို ဆောင်ရွက်သည်။ ဦးပဉ္စင်း၊ ကိုရင်တို့ခိုင်းစေ သမျှကိုလည်း    မညည်းမညူကူညီလုပ်ပေးသည်။

အလုပ်မှန်သမျှ အလိုက်တသိလုပ်ကိုင်ပေး၍ ဦးပဉ္စင်းများ၊ ကိုရင်များက ကရုဏာသက်ကြသည်။  ကိုရင်အသစ်ကို နှစ်သက်လက်ခံကြသည်။ ဆရာတော်ကတော့ အသိအမှတ်ပြုခြင်းမရှိ။    အခေါ်အပြော လုံးဝမရှိ။ သို့သော် ကိုရင်ဝေယျာဝစ္စ လုပ်နေသည်များကို မြင်တွေ့နေသည်။ နှင်ထုတ်ခြင်းလည်းမရှိ။

ဆရာတော်၏ဆက်ဆံပုံကြောင့် ကိုရင်မှာ နေရထိုင်ရကျဉ်းကျပ်ပါသည်။    ပညာသင်ခွင့်လေးရချင်၍သာ သည်းခံပြီးနေရသည်။ နေ့ခင်းမှာကျောင်းတက်ရသည်။ ပညာကိုကြိုးစားသည်။ ဆရာတော်၏ဝေယျာဝစ္စမှန်သမျှ ကိုလည်း စေတနာထားပြီးလုပ်ပေးသည်။ အများမလုပ် ချင်သော သန့်ရှင်းရေးအလုပ်၊ ပန်းကန်ဆေးအလုပ်များကိုလည်း  ဒိုင်ခံလုပ်ပေးသည်။   ဆရာတော်ကလွဲ၍ ကျန်သောဦးပÍ္စင်းများကတော့ ကိုရင်၏အနစ်နာခံမှု၊အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုကြသည်။

တစ်နှစ်တိတိပြည့်သွားသည်။ ကိုရင်က မေ့နေသော်လည်း  ဆရာတော်ကမမေ့။   ဆွမ်းဘုဉ်းပေးအပြီးမှာကိုရင်ကို   ချီးကျူးစကားပြောသည်။   တစ်နှစ်တိတိစောင့်ကြည့်အကဲခတ်ပြီးဖြစ်ကြောင်း၊ သူ့ဒဏ်ကိုခံနိုင်သူနည်းကြောင်း၊ ယနေ့စာမေးပွဲအောင်သွားကြောင်း အသိအမှတ်မပြုပါဘဲလျက် တစ်နှစ်ပတ်လုံးဝေယျာဝစ္စကိစ္စ မှန်သမျှ ကောင်းမွန်ရိုသေစွာ ပြုလုပ်ပေးသည်ကို တွေ့ရကြောင်း၊ ယနေ့ကစပြီး သူ့ကျောင်းမှာ တရားဝင်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြောကြား၍ အစစအရာရာကိုရင်ကို ယုံကြည်စွာလွှဲအပ်တာဝန်ပေးသည်။

ဆရာတော်က အခွင့်အရေးပေးသော်လည်း ကိုရင်က ဘဝမမေ့။ ယခင်ကလိုပင် တာဝန်ကိုကျေအောင် ကြိုးကြိုးကုတ်ကုတ်ဆောင်ရွက်သည်။ ဦးပဉ္စင်း၊ ကိုရင်များ၏ လုပ်ငန်းတာဝန်များကိုလည်း  လေးစားမပျက် ဆောင်ရွက်ပေးသည်။ ရည်ရွယ်ချက်အောင်မြင်စေရန်လည်း  စာကိုအစွမ်းကုန်ကြိုးစားသည်။  ခုနစ်တန်းနှင့် ဆရာဖြစ်သင်တန်းကို မုံရွာသို့သွား၍ဖြေရမည်ဖြစ်သည်။ ကိုရင်ဝတ်နှင့်ဖြေခွင့်မရ၍ လူဝတ်လဲရသည်။ ဘုန်းတော်ကြီးက သူ့တပည့်ကို အများနှင့်ယှဉ်လျှင်နိမ့်ကျမနေရန် အဝတ်အဆင်မှစ၍ ပြည့်စုံအောင် ဖြည့်ဆည်းပေးခဲ့သည်။

မောင်ဘိုးသာ ခုနစ်တန်းနှင့် ဆရာဖြစ်စာမေးပွဲကို ကောင်းစွာဖြေဆို အောင်မြင်ခဲ့ပါသည်။

ထိုမှတစ်ဆင့် နောက်ပိုင်းတွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဘုန်းတော်ကြီးအဖြစ်နှင့်    ကျောင်းထိုင်ဆရာတော်ဖြစ်နေသော စဉ့်ကိုင်မြို့နယ် လက်ပံချိုင့်ရွာသို့ရောက်လာသည်။

အစ်ကိုကြီးနှင့်နီးနီးနားနားနေနိုင်ရန်အတွက် ခံလူးရွာကျောင်းမှ မူလတန်းဆရာအလုပ်ကိုလျှောက်လိုက်သည်။   ခံလူးကျောင်းကလည်း   ဆရာလိုအပ်နေ၍ လျှောက်ထားလိုက်ရာ မူလတန်းကျောင်းအုပ်ဆရာအဖြစ် ခန့်အပ်ခြင်း ခံရသည်။

ခံလူး၊ လက်ပံချိုင့်၊ ရွှေလှံတောင် သုံးရွာပေါင်းသည့်မူလတန်းကျောင်းဖြစ်သည်။ ကျောင်းဆရာက သွက်လက်တက်ကြွသော လူငယ်တစ်ယောက်ဖြစ်နေသည်။ ရွာသူမိန်းကလေးများ စိတ်ဝင်စားကြ၏။ လက်ပံချိုင့်ရွာဦးကျောင်းဆရာတော်၏ညီဖြစ်နေ၍ လက်ပံချိုင့်ရွာသူ မိန်းကလေးများက ပိုပြီးစိတ်ဝင်စားကြသည်။

အမေကြီး(အဘွား)ဒေါ်သောင်

မောင်ငြိမ်းချမ်း၏အမေကြီး(အဘွား) ဒေါ်သောင်မှာ လက်ပံချိုင့်ရွာသူဖြစ်သည်။  မိဘများမှာ  တောင်သူလယ်သမား ဖြစ်၏။  ငယ်စဉ်က  ကောက်စိုက်၊ ပဲရိတ်လိုက်ရသည်။ အသားညိုသော်လည်း ရွက်ကြမ်းရေကျိုထက်ပိုသော ကြည့်ကောင်းသူဖြစ်၏။     ရိုးသား၍ စိတ်ကောင်းရှိခြင်းက     ထူးခြားသောတင့်တယ်မှုကို ဖြစ်စေသည်။

လက်ပံချိုင့်ရွာသူများသည်   သုံးရေကို   မြစ်ရေ၊ သဲတွင်းရေခပ်ကြသော်လည်း သောက်ရေကို ဘုန်းကြီးကျောင်းမှ တွင်းရေချိုလာခပ်ကြသည်။ အိမ်အတွက် ရေခပ်ရင်း ကျောင်းမှသောက်ရေသုံးရေအတွက်လည်း ကောင်းမှုပြုခဲ့ကြသည်။

ထိုမိန်းမပျိုတစ်သိုက်တွင် ကျောင်းဆရာမောင်ဘိုးသာသည် ရိုးရိုးနှင့်ယဉ်သော ညိုချောလေး မသောင်ကိုထူးခြားစွာ သတိပြုမိသည်။

ဆွမ်းလာပို့ရင်း၊ ပန်းလာကပ်ရင်း၊ ဘုရားခန်းသန့်ရှင်းရေး ကောင်းမှုပြုရင်း မကြွေအမည်ရှိ ဖြူဖြူသန့်သန့် မိန်းမချောလေးကလည်း ဆရာလေးကို စိတ်ဝင်စားနေသည်။

မကြွေအသားဖြူသည်၊ သွက်လက်ချက်ချာသည်။ သို့သော်   ဘာလို၍ဘာလိုနေမှန်းမသိ။   ဆရာလေးစိတ်ထဲမှာ  အထာမကျဖြစ်နေရသည်။   နှုတ်ခမ်းက ပါးလွန်းနေသလား။ စကားပြောလျှင် မဲ့တာရွဲ့တာလေးက အလှဖျက်နေသလား။

မသောင်က  ညိုသော်လည်း ယဉ်သည်။   မကြွေလောက်မလှသော်လည်း   ရိုးသည်၊    အေးသည်ကို ဆရာလေးသဘောကျသည်။

ဒေါ်ဖော့ကလည်း   သူ့သမီးကို   ဆရာလေးနှင့် မျှော်လင့်၏။    ဒေါ်စီကလည်း   သူ့သမီးမသောင်ကို ဆရာလေးနှင့် စိတ်ကူးယဉ်နေသည်။

ကျေးလက်တောရွာမှာ  ပညာတတ်ကျောင်းဆရာသည် တန်ဖိုးကြီးနေ၏။

နောက်ဆုံးမှာ   ဆရာလေးက   ရိုးရိုးယဉ်ယဉ်နှင့် အေးချမ်းသော စိတ်ထားရှိသူကို     ဘဝအဖော်အဖြစ် ရွေးချယ်လိုက်သည်။

လက်ပံချိုင့်ရွာတွင် “ဒေါ်စီကြည် ရော့၊ ဒေါ်ဖော့ကော့ရော”ဟု ဆိုစမှတ်ပြုကြသည်။

ဆရာလေးကိုဘိုးသာနှင့် လက်ပံချိုင့်ရွာသူ မသောင်တို့၏ မင်္ဂလာပွဲမှာ စည်စည်ကားကားဖြစ်ပါ၏။

ဆရာလေးကိုဘိုးသာ အိမ်ထောင်ကျပြီး လက်ပံချိုင့်ရွာမှာ တစ်နှစ်ကျော်ကျော်သာနေလိုက်ရသည်။ ဝန်းသိုရွာမှ မူလတန်းကျောင်းအုပ်ဆရာက ရွာသူကြီးနှင့် မတည့်၍ လက်ပံချိုင့်သို့ပြောင်းရသည်။ လက်ပံချိုင့်မှ  ဆရာကိုဘိုးသာက    ဝန်းသိုရွာမူလတန်းကျောင်းသို့ ပြောင်းရသည်။

ကိုဘိုးသာနှင့်မသောင်တို့ ဝန်းသိုရွာမှာ အခြေချရန် မူလတန်းကျောင်းနှင့် ဆက်စပ်နေသော  ခြံကိုဝယ်ပြီး အိမ်ဆောက်နေထိုင်ကြသည်။

ကိုဘိုးသာက စိုက်ပျိုးရေးဝါသနာပါ၍ ခြံဝင်းရော ကျောင်းဝင်းကိုပါ    သာယာလှပသော ဥယျာဉ်ခြံကြီးဖြစ်အောင် စားပင်သီးပင်များစွာ စိုက်ပျိုးလိုက်သည်။

ကျောင်းရှေ့မှာ ကလေးကစားကွင်းလေးလုပ်ပေးသည်။

ယခင်က ချုံနွယ်ပိတ်ပေါင်းတို့နှင့် တောထနေသော ကျောင်းကလေးမှာ ယခုတော့ ဥယျာဉ်နှင့်၊ ပန်းခြံနှင့်၊ ကစားကွင်းနှင့် သပ်ရပ်လှပနေသည်။ ယခင်ဆရာက ကျောင်းကိုလာချင်မှလာ၊ သင်ချင်မှသင်သည်။ ယခုတော့ နေ့စဉ် ကျောင်းတက်ခေါင်းလောင်းသံ အချိန်မှန်၍ကလေးများကို စနစ်တကျ သင်ကြားပေးသည်။ ကျောင်းသား၊ ကျောင်းသူ ပိုများလာသည်။

ရွာသူကြီးက ဆရာအသစ်ကိုသဘောကျသည်။

နေရေးထိုင်ရေးမှအစ လိုအပ်သမျှကို မိတ်ဆွေကောင်းအဖြစ် ခင်မင်စောင့်ရှောက်သည်။

ကိုဘိုးသာနှင့်မသောင်တို့ ဝန်းသိုရွာမှာအနေပျော်လာကြသည်။ သမီးနှစ်ယောက်ရပြီး အကြီးမက မစံ၊ အငယ်မက မအေးငြိမ်း။    

ဆက်လက်ဖော်ပြပါမည်။           

လယ်တွင်းသားစောချစ်