ကြံတစ်တန်လျှင် ငွေကျပ် တစ်သောင်းဝန်းကျင်အထိ ကြိုတင်ငွေထုတ်ပေး

ကြံကြိတ်ခွဲရာသီအတွက် စာချုပ်ချုပ်ဆိုသည့် စိုက်ပျိုးသူများကို သကြားစက်များမှ ကြံတစ်တန်လျှင် ငွေကျပ် တစ်သောင်းဝန်းကျင် ကြိုတင်ငွေထုတ်ပေးနေကြောင်း မြန်မာနိုင်ငံ   သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၏ပြောကြားချက်အရ သိရသည်။

ထိုသို့ကြိုတင်ငွေထုတ်ပေးရာတွင် ယခင်နှစ်ကနှုန်းထားအတိုင်း ထုတ်ပေးနေပြီး ပုံမှန်အားဖြင့် ကြံတစ်ဧကလျှင် ၂၅ တန်ခန့်အထိထွက်ရှိကြောင်း သိရသည်။

“ကြိုတင်ငွေက ကြံတစ်တန်ကို ငွေကျပ်တစ်သောင်းလောက်ကနေစပြီး ထုတ်ပေးနေတယ်။ ကြံတစ်တန်သွင်းမယ်လို့ စာချုပ်ချုပ်တာနဲ့ တစ်တန်ကို ငွေကျပ် ရှစ်ထောင်၊ တစ်သောင်းလောက်ပေးတယ်” ဟု ဦးဝင်းဌေးကပြောသည်။

ယခုနှစ်အတွင်း  ကြံစိုက်ဧက   ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည့်အတွက် လာမည့်နှစ်တွင်  အထွက်နှုန်း လျော့ကျနိုင်ကာ ပြည်တွင်းစားသုံးမှု ဖူလုံရုံသာရှိနိုင်သည့်အပြင်  ကြံထွက်ချိန်တွင် သကြားဈေးနှုန်း လက်ရှိအချိန်အတိုင်း ဆက်လက်ကျဆင်းနေပါက ဈေးနှုန်းသတ်မှတ်ရာတွင် အခက်အခဲများရှိလာနိုင်ကြောင်း   သိရသည်။

“ရာသီပေါ်ချိန်အခက်အခဲက သကြားဈေးကြောင့် ကြံဈေးသတ်မှတ်ရတာ အခက်အခဲရှိမယ်။ ကြံကလည်း လိုချင်တဲ့ပမာဏရချင်မှရမယ်။ အဲဒီကျရင်ကြံဈေးက တိုးပေးမလား၊ သကြားဈေးအရ ချပေးရမလားဆို တာ ညှိနှိုင်းရမယ်။ သကြားတွေရောင်းပြီး ကြိုတင်ငွေတွေပေးနေတယ်”ဟု ဦးဝင်းဌေးကပြောသည်။

ပြီးခဲ့သည့်နှစ်များက သကြားတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းရရှိသော်လည်း လတ်တလောတွင် တစ်ပိဿာလျှင် ငွေကျပ် ၈၅၀ ဝန်းကျင်သာ ဈေးနှုန်းရရှိနေကြောင်း သိရသည်။

 နေနေ